ရုရှားသင်္ဘောက မြန်မာတွေ အိမ်ပြန်ဖို့ပြင်ဆင်


2015.04.08
russia-boat-sink-305.jpg နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသဘောၤ Dalniy Vostok Russian trawler ပုံ
photo: Russian Emergency situations ministry

အသက်မသေပဲကျန်ရစ်တဲ့ ရုရှားငါးဖမ်းသင်္ဘော က မြန်မာသင်္ဘောသား ၂၂ ယောက်ဟာ ဒီရက်ပိုင်း အတွင်း နိုင်ငံကူးလက်မှတ်တွေ ရတော့မှာဖြစ်တဲ့ အတွက် မြန်မာနိုင်ငံ ပြန်နိုင်တော့မယ်လို့ သိရပါတယ်။

သေဆုံးသူ ၁၆ ဦးရဲ့အလောင်းကိုလည်း မြန်မာနိုင်ငံ ကို ပြန်သယ်ဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒါပေမဲ့ ပျောက်ဆုံးနေတဲ့ ၄ ဦးနဲ့ ပတ်သက်လို့တော့ ဘာသတင်းမှထပ်ပြီး မသိရသေးပါဘူး။

အဲ့ဒီမြန်မာသင်္ဘောသားတွေကို ရုရှားငါးဖမ်း သင်္ဘောတွေမှာ အလုပ်လုပ်ဖို့ တရားမဝင်ခေါ်ယူခဲ့တဲ့ ရုရှားသင်္ဘောလိုင်းကုမ္ပဏီရဲ့ ပိုင်ရှင်က ထွက်ပြေး တိမ်းရှောင်သွားတဲ့အတွက်၊ အဲ့ဒီကုမ္ပဏီရဲ့ ဒုတိယ တာဝန်ခံကို ရုရှားအစိုးရကဖမ်းလိုက်ပြီး၊ သင်္ဘောလိုင်းပိုင်ရှင်ရဲ့ ဘဏ်စာရင်းတွေကိုလည်း ရုရှားအစိုးရက ထိန်းချုပ်လိုက်တယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ အဲ့ဒီမြန်မာသင်္ဘောသားတွေကို ရုရှားနိုင်ငံ အရှေ့ဘက် Sakhalin ကျွန်းက ပစိဖိတ်ပလာဇာ ဟော်တည်မှာ တည်းခိုခွင့်စီစဉ် ပေးထားပါတယ်။

မြန်မာနိုင်ငံသား ၄၂ ယောက်ပါတဲ့ အဲ့ဒီရုရှားသင်္ဘောဟာ ဧပြီလ ၁ ရက်နေ့က ရုရှားနိုင်ငံအရှေ့ဘက်က ပင်လယ် ထဲမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ကို ရန်ကုန်အခြေစိုက် ကုမ္ပဏီတွေက ငါးဖမ်းတဲ့ အလုပ်လုပ်ရမယ်လို့မပြော ဘဲ သာမန်နိုင်ငံခြားသင်္ဘောသားအဖြစ် အလုပ်လုပ်ရမယ့်သဘောနဲ့ ပို့လိုက်တဲ့အတွက် အဲ့ဒီကုမ္ပဏီ ၅ ခုကိုလည်း လုပ်ခွင့်လိုင်စင်တွေ ပိတ်လိုက်တယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။