ကျောက်ကြီးမြို့နယ်မှာ အရပ်သား ၃၀ ကျော် ဖမ်းဆီးခံရ
2022.07.14
တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသည့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ ပြည်သူများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ တွေ့ရစဥ်
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာရှိတဲ့ နတ်သံကွင်းတိုက်နယ် ဝါးပင်စု၊ တောကြောင်ပေါက်၊ အလယ်ရွာ စတဲ့ ကျေးရွာ သုံးရွာက ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက ဇူလိုင်လ ၁၃ ရက် မနေ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီကျေးရွာသားတွေဟာ မနေ့က မနက် ၁ နာရီလောက်မှာ ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တောကြောင်ပေါက်အနီးဝန်းကျင်မှာ သူတို့လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေရှိတယ်။ အိမ်မှာလည်း ကျွဲ၊ နွားတွေရှိတယ်။ စစ်တပ်မလာတော့ဘူး၊ ပြန်သွားပြီဆိုတဲ့အချိန်မှာ လယ်ယာပြန်လုပ်ကြတာပေါ့။ စစ်ကြောင်းမရှိဘူးဆိုပြီး ရွာမှာပဲ အေးအေးဆေးဆေး အိပ်နေကြတာ။ မနက် ၁ နာရီထိုးလောက်မှာ ဝင်ဖမ်းတာပဲ။ စစ်ကောင်စီရဲ့ လုပ်ဆောင် နေတဲ့ ပုံစံက မင်းတပ်၊ မတူပီတို့ဘက်မှာ လုပ်သလိုပဲ လူသားဒိုင်းလုပ်ဖို့ ခေါ်တယ်လို့ ယူဆတယ်”
ဖမ်းဆီးခံရသူတွေထဲက ဝါးပင်စုရွာက ၂၆ ဦး၊ တောကြောင်ပေါက်ရွာမက ငါးဦးရဲ့ စာရင်းကို ရထားပြီး အလယ်ရွာက ဖမ်းဆီးခံရသူအရေအတွက်ကိုတော့ စုံစမ်းဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ သူတို့အားလုံးကို ကြိုးတုပ်ပြီးခေါ်ဆောင်သွားတာလို့လည်း ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ မနေ့က အဖမ်းခံရသူတွေထဲမှာ ကရင် တိုင်းရင်းသား ၂၃ ဦး ပါဝင်တယ်လို့ ဇူလိုင်လ ၁၄ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။ ဖမ်းဆီး ခံထားရသူတွေအထဲက ဗမာတိုင်းရင်းသား တွေကို လက်ပြန်ကြိုးတုပ်၊ ရိုက်နှက်၊ ညှဉ်းပန်း နှိပ်စက်တာ မရှိပေမယ့် ကရင်တိုင်းရင်းသားတွေကိုတော့ လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်တာတွေ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
နတ်သံကွင်းတိုက်နယ်မှာရှိတဲ့ တောင်ပုကျေးရွာအနီးမှာ ဒီနေ့မနက် ၃ နာရီကစလို့ နေ့လယ်ပိုင်း အထိ လက်နက်ကြီးသံတွေ ကြားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲက ကျောက်ကြီးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး (KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဒီတိုက်ပွဲတွေကြောင့် ရွာပေါင်း ၂၈ ရွာက ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။









