မြန်မာကို လူကုန်ကူးမှုတိုက်ဖျက်ရေး အဆိုးဝါးဆုံးအဆင့် ကန် သတ်မှတ်


2018.06.28
trafficking-poster-622 လူကုန်ကူးမှုတားဆီးရေး အသိပညာပေးပိုစတာ။
Photo: RFA

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေး အဆိုးဝါးဆုံး စာရင်းဝင်နိုင်ငံအဖြစ် မနေ့က ကြေညာလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂ဝ၁၈ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က အဆင့် ၂ မှာ ထည့်သွင်းထားရာကနေ အဆိုးဝါးဆုံး အဆင့် ၃ အဖြစ် အခုလျှော့ချသတ်မှတ် လိုက်ကြောင်း ဖေါ်ပြထားပါတယ်။ ဒီအစီရင်ခံစာမှာ ကလေးစစ်သား အသုံးပြုမှုတွေရှိနေတဲ့ မြန်မာနိုင်ငံကို CSPA ခေါ် ကလေးစစ်သားအသုံးပြုမှု ကာကွယ်တားဆီးရေး ဥပဒေအရ လုံခြုံရေးဆိုင်ရာ အကူအညီတွေ၊ စစ်ပစ္စည်း ရောင်းချမှုတွေ ကန့်သတ်ပိတ်ပင်ထားတဲ့ စာရင်းမှာ ထည့်သွင်းထားကြောင်းလည်း ပါရှိပါတယ်။ အဲဒီ CSPA စာရင်းမှာ အီရန်၊ အီရတ်၊ ဆီးရီးယား၊ ဆိုမားလီးယာစတဲ့ နိုင်ငံ ၁၁ နိုင်ငံပါဝင်တဲ့အနက် မြန်မာနိုင်ငံဟာ တစ်ခုတည်းသော အာရှနိုင်ငံဖြစ်ပါတယ်။

မနေ့က ထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာမှာ မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အနိမ့်ဆုံး သတ်မှတ်ချက်စံတွေကိုတောင် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ထူးထူးခြားခြား အားထုတ်မှုလည်း မရှိတဲ့အတွက် အခုလို အဆင့် ၃ ကို လျှော့ချခဲ့ရခြင်းဖြစ်ကြောင်း ရေးသားထားပါတယ်။ မြန်မာ့တပ်မတော်က ကလေး စစ်သားတွေကို ဖေါ်ထုတ်ဖယ်ရှားတာတွေရှိပေမယ့် တရားမဝင်စုဆောင်း အသုံးပြုမှုတွေ ရှိနေဆဲဖြစ်ကြောင်းနဲ့ အစိုးရကလည်း ကလေးစစ်သားအဖြစ်က ထွက်ပြေးခဲ့သူတွေကို အရေးယူ အပြစ်ပေးနေကြောင်း ဖေါ်ပြထား ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ကလေးစစ်သားတွေကို အသုံးပြုနေကြပြီး အဲဒီလို အသုံးပြုမှုလျှော့ပါးရေးဆောင်ရွက်မယ့် ကုလသမဂ္ဂအဖွဲ့အစည်းတွေကို အာဏာပိုင်တွေက ပိတ်ပင်တားဆီးနေ သလို အစိုးရ အရာရှိတွေကိုယ်တိုင် လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ သတင်းတွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ မြန်မာအစိုးရအနေနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကလေးစစ်သား စုဆောင်းအသုံးပြုမှုတွေ ပပျောက်အောင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ရန်၊ လူကုန်ကူးမှု ဒဏ်ခံစားခဲ့ရသူတွေအတွက် လိုအပ်သလိုနားခိုစရာနေရာတွေ ဖန်တီးပေးရန်၊ ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အဓမ္မခိုင်းစေမှုတွေ ပပျောက်ရေး ဆောင်ရွက်ရန်တို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ၂ဝ၁၇ ခုနှစ်အတွင်း တရားရုံးတွေက လူကုန်ကူးသူ ၁၅၆ ဦးကို ထောင်ဒဏ်တွေ ချမှတ်ခဲ့ပေမယ့် ၈၆ ဦးကသာ အမှန်တကယ် အကျဉ်းထောင်တွေမှ ကျခံနေရပြီး မျက်ကွယ်မှာ အပြစ်ပေးခဲ့တဲ့ ကျန်သူ ၇ဝ က လွတ်မြောက်နေဆဲဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံက နိုင်ငံခြားတိုင်းပြည်တွေကို သွားရောက်ပြီး အလုပ်အကိုင် ရှာဖွေသူတွေဟာလည်း အဓမ္မခိုင်းစေမှုတွေ၊ ပြည့်တန်ဆာအဖြစ် သွတ်သွင်းခံရမှုတွေ ရှိနေကြောင်း စသဖြင့် အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့ မနေ့က ထုတ်ပြန်တဲ့ လူကုန်ကူးမှုအစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။

အဲဒီ အစီရင်ခံစာမှာ ကမ္ဘာ့နိုင်ငံ ၁၈၇ နိုင်ငံက လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုတွေကို အဆင့် ၃ ဆင့်ခွဲ သတ်မှတ်ထားပြီး အကောင်းဆုံးက အဆင့် ၁ ဖြစ်ကာ အဆိုးဆုံးနိုင်ငံတွေက အဆင့် ၃ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။