ဆန္ဒပြ အလုပ်သမားတွေ နေပြည်တော်ကို ဆက်လက်ချီတက်
2016.05.04
စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို ချီတက်လာတဲ့ Myanmar Veneer အလုပ်သမား သပိတ်စစ်ကြောင်းကို မေလ ၂ ရက်နေ့ က တွေ့ရစဉ်
စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်နေတဲ့ Myanmar Veneer သစ်ချောထည် စက်ရုံအလုပ်သမားတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ခုံသမာဓိကောင်စီက မနေ့က ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိတဲ့အတွက် သပိတ်မှောက် အလုပ်သမားတွေက လက်မခံဘဲ နေပြည်တော်ကို ဆက်လက်ချီတက်နေပြီး၊ ဒီနေ့မှာတော့ ကူမဲမြို့နားရောက်နေပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ သပိတ်မှောက် အလုပ်သမားတွေကိုယ်စား ကိုနှင်းအောင်က RFA ကို အခုလိုပြောပြပါတယ်။
"နှုတ်ဖြင့်သတိပေးခြင်း၊ စာဖြင့်သတိပေးခြင်း၊ ဒုတိယအကြိမ် စာဖြင့်သတိပေးခြင်း နောက်ဆုံးအကြိမ် ဝန်ခံကတိပေါ့ဗျာ၊ အဲ့ဒီလိုအဆင့်ဆင့် သတိပေးချက်တွေနဲ့ ဝန်ခံကတိလက်မှတ်ထိုးခဲ့တာ ရှိခဲ့လို့ရှိရင် ကျနော်တို့ဘက်ကနေပြီးတော့ လျော်ကြေးငွေတပြားမှ မယူဘဲနဲ့ အလုပ်မှ နှုတ်ထွက်သွားပါမယ်ဆိုပြီး ကျနော်တို့က ဝန်ကြီးဌာနကိုပြောတယ်၊ သူတို့ဘက်က စွပ်စွဲထားတဲ့ ဝန်ခံကတိ သုံးကြိမ်လက်မှတ်ထိုးတာကို စစ်ဆေးပေးဖို့ ကျနော်တို့က ဝန်ကြီးဌာကို တောင်းဆိုတဲ့အခါမှာ ဝန်ကြီးဌာနက အလုပ်ရှင်ဘက်က သူတို့တင်သွင်းထားတဲ့ ဝန်ခံကတိသုံးကြိမ်ထိုးတာ မှန်ကန်လား မမှန်ကန်ဘူးလားဆိုတာ စစ်ဆေးမယ် ဘယ်မှာလဲပြဆိုတော့ အလုပ်ရှင်ဘက်က ပြသနိုင်ခြင်းမရှိပါဘူးခင်ဗျ၊ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် အလုပ်ရှင်ဟာ ဒီအလုပ်သမားတွေအပေါ်မှာ မတရားသဖြင့် လက်မှတ်အတုတွေနဲ့ လုပ်ကြံဖန်တီးထားတဲ့ ဝန်ခံကတိတွေ ဖြစ်နေတာဆိုတာ ပေါ်လွင်သွားပါတယ်"
စက်ရုံပိုင်ရှင်က အလုပ်သမားတွေနဲ့ ပတ်သက်လို့ အလုပ်ထုတ်မယ်ဆိုရင် ကြိုတင်သတိပေးချက် ၃ ခါပေးပြီး ခံဝန်ချက်ထိုးခိုင်းရမယ်လို့ ပြဌာန်းချက်ရှိပေမယ့်၊ အဲ့ဒီပြဌာန်းချက်အတိုင်း ဆောင်ရွက်တာ မဟုတ်ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
မနေ့ကဆုံးဖြတ်လိုက်တဲ့ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်မှာက အလုပ်သမားတွေကို လျော်ကြေးယူပြီး အလုပ်ကထွက်ဖို့သာ ပြောဆိုထားတဲ့အတွက် တရားဥပဒေနဲ့ မညီညွတ်လို့ လက်မခံဘဲ ဆက်လက် ချီတက်နေတာလို့ ပြောပါတယ်။
စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်နေတဲ့ Myanmar Veneer သစ်ချောထည် စက်ရုံအလုပ်သမားတွေ ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ အလုပ်သမား ကိုနှင်းအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။









