မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲမှာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် က လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ မဟုတ်မမှန် စွပ်စွဲပြောဆိုခဲ့တာကို ကန့်ကွက်ကြောင်းနဲ့ အဲဒီလိုပြောဆိုမှုဟာ လူ့အသိုက်အဝန်းနှစ်ခုကြား ကွဲပြားမှုကို ပိုမိုကြီးမားအောင် လုပ်ဆောင်သလိုဖြစ်ကြောင်း နိုင် ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကို ပြောလိုက်ပါ တယ်။
မနေ့က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Mohd. Haniff Bin Abd Rahman နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် တို့ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့ တာဖြစ်တယ်လို့ နိုင်ငံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ရင်းရင်းနှီးနှီး ဆက်လက်ဆက်ဆံလိုပြီး အဖွဲ့အစည်းတချို့က ရည်ရွယ်ချက်ရှိရှိနဲ့ နားလည်မှုလွဲမှားအောင် မဟုတ်မမှန်သတင်းတွေ ဖြန့်နေတာတွေ မဖြစ်ဖို့နဲ့ အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေကြား အငြင်းပွားမှုတွေဖြစ်လာတဲ့အခါ ညှိနှိုင်းဖြေရှင်းကြဖို့ကိုလည်း ဒုတိယဝန်ကြီး ဦးကျော်တင် က မလေးရှားသံအမတ်ကြီးကို ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ လူ့အသိုက်အဝန်းနှစ်ခုအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ထောင်နိုင်ဖို့ အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ကူညီပေးဖို့နဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေကြောင့် ပြဿနာပိုမို မကြီးထွားအောင် ဝေဖန်ပြောဆိုတာတွေကို ရှောင်ရှားပေးဖို့ ပြောကြားလိုက်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။