မလေးရှားမှာ မြန်မာတွေ သတ်ဖြတ်ခံနေရမှုတားဆီးဖို့ လွှွတ်တော် သဝဏ်လွှာပို့မည်


2014.11.11
khin-aung-myint-305 ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကို တွေ့ရစဉ်
AFP PHOTO

မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် သတ်ဖြတ်တာတွေကို တားဆီးဖို့ မလေးရှားလွှတ်တော် ဥက္ကဌထံ အမျိုးသားလွှတ်တော်က သဝဏ်လွှာပေးပို့မှာဖြစ်ကြောင်း အမျိုးသားလွှတ်တော် မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

မလေးရှားလွှတ်တော် ဥက္ကဌထံ သဝဏ်လွှာပေးပို့တာ မထူးခြားရင် အပြည်ပြည်ဆိုင်ရာပါလီမန်များ သမဂ္ဂ IPU ကတဆင့် ထပ်ပို့မယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အခုလိုပြောခဲ့တာဖြစ်ပါတယ်။

"အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက် တာအေးမောင်နဲ့ အဖွဲ့ကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သတ်ဖြတ်ဖို့ကြံစည်ခြင်းခံရတဲ့ကိစ္စ ဒါလွှတ်တော်နဲ့ သက်ဆိုင်တယ်၊ ကျန်တဲ့မြန်မာနိုင်ငံ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ကိစ္စကတော့ လွှတ်တော်အနေနဲ့ စောင့်ကြည့်ဖို့ပဲ လုပ်ရဦးမယ်လို့ ယူဆပါတယ်၊ ဒါနဲ့ပတ်သက်လို့ ပေးပို့တဲ့နည်းလမ်းက နှစ်ခုရှိပါတယ်၊ တစ်ခုကတော့ တစ်ဖက်ကလွှတ်တော် ဥက္ကဌကို ဒီနေ့ဒီလွှတ်တော်မှာ တင်ပြတဲ့အစီရင်ခံစာရဲ့ ကောက်နှုတ်ချက်ဆိုပြီးတော့ ပေးပို့တဲ့နည်းဖြစ်ပါတယ်၊ ဒါမှမထူးခြားလို့ရှိရင်တော့ ကျနော်တို့ IPU ကတဆင့် ပေးပို့တဲ့နည်းလမ်းကို နောက်တဆင့်ကျရင် ဆက်သုံးပါမယ်"

အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က မလေးရှားနိုင်ငံမှာ ရောက်ရှိနေ တဲ့ မြန်မာလူမျိုးတွေကို ရွေးချယ်ပြီး အကြမ်းဖက် သတ်ဖြတ်နေတာတွေကို တားဆီးဖို့ အစိုးရက ဘာတွေလုပ်ဆောင်နေလဲဆိုတဲ့ မေးခွန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က မေးမြန်းခဲ့ပါတယ်။

အဲ့ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် အခွင့်အရေးကော်မတီက မလေးရှားရောက် မြန်မာတွေ အနေနဲ့ နှစ်နိုင်ငံဥပဒေတွေကို လေးစားလိုက်နာပြီး သတိရှိရှိသွားလာနေထိုင်ဖို့၊ အရေးပေါ်အခြေအနေ မှာ မြန်မာနိုင်ငံ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်နိုင်မယ့်ကွန်ရက်တွေ ဖွဲ့စည်းထားရှိဖို့ အကြံပြုတဲ့အစီရင်ခံစာကို ဒီနေ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။

မလေးရှားရောက် ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့တဲ့ ဦးအေးသာအောင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ကွာလာလမ်ပူမြို့မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။

ဒီအတောအတွင်း မလေးရှားနိုင်ငံ ပီနန်းဒေသမှာ နောက်ထပ် မြန်မာနိုင်ငံသားတစ်ဦး မနေ့က လည်လှီးသတ်ဖြတ် ခံလိုက်ရပြီး၊ အခုလို သတ်ဖြတ်ခံရတာဟာ အခုနှစ်အတွင်း အယောက် ၂၀ လောက်ရှိသွားပြီလို့ သိရပါတယ်။

အခုသတ်ဖြတ်ခံရသူဟာ အသက် ၃၄ နှစ်အရွယ် ကိုဟိန်းထက်ကျော် ဆိုသူဖြစ်ပြီး၊ ဆီအုန်းခြံတစ်ခုမှာ ပစ်ထားတဲ့ သူ့အလောင်းကို လမ်းသွားလမ်းလာတစ်ဦးကတွေ့ရှိပြီး၊ တနင်္လာနေ့ မနက် ၈ နာရီခွဲလောက်က ရဲကိုအကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံရတွေ သိသိသာသာ တိုးလာနေပေမယ့်၊ လူသတ်တရားခံ တစ်ဦးတစ်ယောက်ကိုမှ ခြေရာခံဖော်ထုတ်နိုင်တာ မရှိသေးဘူးလို့လည်း သိရပါတယ်။

အခုလို မလေးရှားမှာ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံရမှုအပေါ် လွှတ်တော်က သဝဏ်လွှာပေးပို့ သွားမယ့်ကိစ္စနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံ ကွာလာမ်ပူမြို့တော်မှာ မြန်မာဘာသာစကားပြောဆိုသူ သေနတ်သမားတချို့ရဲ့ ပစ်ခတ်လုပ်ကြံမှုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ရခိုင်အမျိုးသားပါတီဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။