ဂျော်ဒန်ရောက် မြန်မာအလုပ်သမား ၇ဝ နီးပါး ကိုဗစ်ကူးစက်ခံရ

လုဆိုင်း
2020.10.16


ဂျော်ဒန်နိုင်ငံက အထည်စက်ရုံတခုမှာ လုပ်နေတဲ့ မြန်မာနိုင်ငံသား ၇ဝ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ဒီအခြေအနေမှာ စက်ရုံကတော့ ပုံမှန်လည်ပတ်နေဆဲဖြစ်တာကြောင့် နောက်ထပ် ကူးစက်မှုတွေ တိုးလာမှာကို အလုပ်သမားတွေကြားမှာ စိုးရိမ်နေကြပါတယ်။

ကမ္ဘာ့ကပ်ရောဂါကာလ ဂျော်ဒန်နိုင်ငံမှာရှိတဲ့ RICH PINE ကုမ္ပဏီရဲ့ Cyber City အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၆၈ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံထားရတာ ဖြစ်ပါတယ်။ ဒီအထဲမှာ အမျိုးသမီး ၅၈ ယောက်နဲ့ အမျိုးသား ၁ဝ ယောက်ဖြစ်ပြီး၊ အောက်တိုဘာလ ၁ဝ ရက်နေ့မှာ ရောဂါပိုးကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

ကိုဗစ်ကူးစက်ခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုလှမင်းဦးက - အခုအချိန်မှာ အသက်ရှုကြပ်တာကို ခံစားနေရပြီး၊ စက်ရုံတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကိုယ်အပူချိန်တိုင်းတာနဲ့ သောက်ဆေး သူ့ကို ပေးထားတယ်လို့ ပြောပါတယ်။

“အသက်ရှူမဝဘူး။ မူးတယ်။ အသက်အရမ်းရှူလိုက်ပြန်ရင်လည်း ရင်ခေါင်းထဲကအောင့်တယ်။ ဒီမှာကတော့ သူတို့ထားတဲ့အတိုင်းပဲ ကျနော်တို့က နေရာတာပေါ့။ အားလုံးကိုလည်း နေပြန်ကောင်းစေချင်ပါတယ်။ ကျနော် လည်း အလုပ်လည်းမလုပ်ချင်တော့ဘူး။ လာမိတာ တော်တော်လေးလည်း နောင်တရနေမိပါတယ်။”

ပိုးတွေ့သူတွေဟာ သီးသန့်အဆောင် အခန်းတခန်းမှာ ၄ ဦးစီ အတူနေရတယ်လို့လည်း ကိုလှမင်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ဝ ရက်နေ့က ရောဂါပိုးတွေ့ရှိသူတွေကို ပိုးရှိ-မရှိ စတင်စစ်ခဲ့တာဖြစ်ပြီး၊ ၁၃ ရက်နေ့မှ လူနာတွေကို သီးသန့်အခန်းတွေမှာ နေခိုင်းခဲ့တာဖြစ်တယ်လို့ မြန်မာအလုပ်သမားတစ်ဦးဖြစ်တဲ့ မရတနာဖြိုး ကပြောပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့မှ ရေဆူပြားလေး ၇ ပြားနဲ့ တလစာ ဆေးပြား တွေကို လာပေးတယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေဟာ ၁၃ ပေပတ်လည်ကျယ်တဲ့ အခန်းတခုမှာ ၈ ယောက်စီ နေထိုင်ရတာကြောင့် လည်း ဒီလို မြန်မာ ရဝ နီးပါး ရောဂါပိုးကူးစက်ခံရချိန်မှာ စက်ရုံဘက်က ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မလုပ်ပေးမှာကို စိုးရိမ်တယ်လို့ သူက ဆိုပါတယ်။

“ကျမတို့က ရောဂါပိုး စစ်မယ်လို့ ခွင့်ပေးပါပြောတော့ ကျမတို့ နှာခေါင်းကို စစ်တယ်။ စစ်ပြီးတော့ ပထမရက်လည်း ဘာမှ မပြောဘူး။ ဒုတိယရက်လည်း ဘာမှမပြောဘူး။ တတိယနေ့မှ အဖြေထွက်ပြီတဲ့။ အဖြေထွက် တော့ အခန်းတံခါးလာခေါက်တယ်။ ဘယ်သူ့နာမည် ဘယ်သူဆိုတာ အထုတ်အပိုးပြင်ထား ရှေ့ကအဆောင်ကို သွား။ အဲဒီလိုပဲပြောတာ။”

စက်ရုံထဲမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူတွေနဲ့ အတူနေ၊ အတူအိပ်၊ အတူစားသောက်ခဲ့တဲ့အတွက် သူတို့ကိုယ်တိုင်လည်း ရောဂါပိုးကူးစက်ခံရနိုင်တယ်လို့ ပြောလာသူကတော့ ကိုချစ်စမ်းမောင် ဖြစ်ပါတယ်။ လောလောဆယ်မှာ စက်ရုံကတော့ ပုံမှန်လည်ပတ်နေဆဲဖြစ်ပြီး၊ အလုပ်ဆင်းနေတယ်လို့ သူက ပြောပါတယ်။

“ဖြစ်စေချင်တာကတော့ ကျနော်တို့ကို အလုပ်ပိတ်ပေးစေချင်တယ်။ ဆေးဝါးကိုလည်း အပြည့်အဝ ကုပေးစေ ချင်တယ်။ အစားအသောက်ကိုလည်း အပြည့်အဝ သူတို့ လုပ်ပေးစေချင်တယ်။ ဆေးတွေကတော့ လာပို့ ပေးသွားပါတယ်။ အခုလက်ရှိ ၆၈ ယောက်၊ ၁ ယောက်ကတော့ ဖြစ်တာတော်တော်ကြာပြီဗျ။ အဲ့တစ်ယောက်ကို အခန်းပိတ်ထားတယ်။ ကျွေးတာမွေးတာရှိတယ်။ ဆေးဝါးလည်း မနေ့ကမှ ပေးတာတဲ့။ စစဖြစ်တုန်းက ဆေးကို သူ့ပိုက်ဆံနဲ့သူ ဝယ်ရတယ်။”

Cyber City အထည်ချုပ်စက်ရုံမှာ မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံသားတွေ စုစုပေါင်း အလုပ်သမား နှစ်ထောင်ကျော်လုပ်ကိုင်နေတာဖြစ်ပြီး၊ မြန်မာအလုပ်သမားက ၃ဝဝ ကျော် ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခုလို စက်ရုံဝန်ထမ်းတွေကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ဂျော်ဒန်နိုင်ငံ မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်သံရုံးတွေက စက်ရုံစီမံခန့်ခွဲသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အစ္စရေးလ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်း က ပြောပါတယ်။ RFA အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းရာမှာ - သံအမတ်ကြီး ဦးမောင်မောင်လင်း က - ဒီကိစ္စကို မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် တင်ပြထားပြီး၊ နေထိုင်မှု၊ စားသောက်ရေး၊ ဆေးကုသပေးရေးကိစ္စရပ်တွေကို စက်ရုံက တာဝန်ယူပေးရမှာဖြစ်တယ်လို့ အောက်တိုဘာ ၁၆ ရက်နေ့က ဖြေကြားခဲ့တာပါ။

ရောဂါကူးစက်မှုဖြစ်တဲ့စက်ရုံကို ရောဂါပိုးကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့အတွက် အသွားအလာ ကန့်သတ်ပိတ်ပင်ဖို့၊ ထိတွေ့မှုရှိတဲ့ ဝန်ထမ်းအားလုံးကို ဆေးစစ်ဖို့ ဂျော်ဒန်နိုင်ငံ တာဝန်ရှိသူတွေက ညွှန်ကြားထားပြီး ဆေးရုံမှာ ဖွင့်လှစ်တဲ့ ဆေးခန်းက ဆရာဝန်၊ သူနာပြု အပါအဝင် ဆေးဘက်ဝန်ထမ်းတွေနဲ့ အလုပ်သမားဝန်ထမ်းတွေ ပါဝင်တဲ့ အဖွဲ့ ဖွဲ့စည်းပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ရမယ်လို့လည်း မြန်မာသံအမတ်ကြီးရဲ့ စာမှာ ပါရှိပါတယ်။

မြန်မာအလုပ်သမား မမိုးမိုးမြင့်ကတော့ - စက်ရုံဘက်က ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ပေးစေချင်တယ်လို့ ပြောပါတယ်။

“ကုမ္ပဏီတာဝန်ခံက ဒေါ်ခင်ဝိုင်းဆိုတာက ဒီမှာဖြစ်နေတဲ့ သုံးနှစ်လုံးလုံးမှာ သူ့မှာတာဝန်ရှိတယ်လို့ ပြောဖူးတယ်။ အလုပ်သမားရေးဝန်ကြီးနဲ့လည်း ပြောဖူးတယ်။ သူကိုယ်တိုင်လည်း ပြောဖူးတယ်။ ဒါပေမဲ့ အခု ကျမတို့ အကောင့်တွေ အကုန်လုံး သူပိတ်ထားတယ်။”


မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းမှာ ၂ဝ၁၉ ခုနှစ် ဧပြီကနေ ၂ဝ၂ဝ ခုနှစ် မတ်လထိ ဂျော်ဒန်နိုင်ငံကို အလုပ်သမားစေလွှတ်တာ ၁ဝဝ၈ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ဂျော်ဒန်နိုင်ငံမှာ မြန်မာအလုပ်သမား အများအားဖြင့် အလုပ်လုပ်ကိုင်နေတဲ့ Cyber City စက်ရုံ၊ ကော်ဝါစက်ရုံ အပါအဝင် စက်ရုံ လေး၊ ငါး ရုံ ရှိပါတယ်။ မြန်မာအလုပ်သမားတွေ အားလုံး တရားဝင် ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေ ဖြစ်ပေမဲ့ ဂျော်ဒန်နဲ့ မြန်မာနိုင်ငံကြားမှာ သံတမန်ဆက်ဆံရေး မရှိတာကြောင့် အစ္စရေးနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက အလုပ်သမားတွေအရေး ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။