အချိန်ပိုကြေးတောင်းတဲ့ မြန်မာအလုပ်သမားတွေ အလုပ်ထုတ်ခံရ


2017.11.09
myanmar-workers-622 ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာရှိတဲ့ ပင်လယ်စာစက်ရုံက အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေကို တွေ့ရစဉ်
Photo: Ye Min (facebook)

အချိန်ပိုကြေးပေးဖို့ တောင်းဆိုတဲ့ ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာရှိတဲ့ ပင်လယ်စာစက်ရုံက မြန်မာနိုင်ငံသား အလုပ်သမား ၆၀ ကို ထိုင်းအလုပ်ရှင်က မနေ့က အလုပ်ထုတ်လိုက်ပါတယ်။

တစ်နေ့ကို အလုပ်ချိန် ၈ နာရီထက်ကျော်လွန်ပြီး လုပ်နေရတဲ့အတွက် အလုပ်သမားတွေက အချိန်ပိုကြေးပေးဖို့ တောင်းခံခဲ့တာကြောင့် အလုပ်ရှင်က ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"မနေ့ နေ့လည်ပိုင်းမှာ ထမင်းစားနားတဲ့အချိန် အလုပ်ရုံက တစ်နေ့ကို ၈ နာရီ အလုပ်လုပ်ရတာကို ၉ နာရီခိုင်းပြီး တစ်နာရီကို အိုတီကြေးမပေးဘူး တစ်နေ့စာ ဘတ် ၃၁၀ ပဲပေးတယ်။ အဲဒါကိုတောင်းဆိုတယ်။ နောက်သူတို့ CI စာအုပ်တွေ နေထိုင်ခွင့်စာအုပ်တွေကို အလုပ်ရှင်က သိမ်းထားတယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ထားရတဲ့ စာအုပ်တွေကို အလုပ်ရှင်က အကြောင်းမဲ့သိမ်းထားတာ အဲဒါကို ပြန်တောင်းတယ် အဲဒီ ၂ ချက်ကြောင့် အလုပ်ဖြုတ်လိုက်တာပါ"

ထုတ်ပယ်ခံရတဲ့အလုပ်သမားတွေက  သတ်မှတ်အလုပ်ချိန်ထက် ပိုပြီးနေ့စဉ်လုပ်ကိုင်ခဲ့ရတဲ့ တစ်နာရီစာ အချိန်ပိုလုပ်အားခကို ပြန်တွက်ပြီးပေးဖို့နဲ့ နေထိုင်ခွင့် CI စာအုပ်ကို ပြန်ပေးဖို့ ထိုင်းအစိုးရရဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနကို သွားရောက်တိုင်ကြားထားတဲ့အတွက် အလုပ်ရှင်က ဒီနေ့မှာ နေထိုင်ခွင့် စာအုပ်တွေ ပြန်ပေးလိုက်ပါတယ်။

အချိန်ပိုလုပ်အားခတွေ ရရှိဖို့အတွက်လည်း အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေက အလုပ်ရှင်ကို တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

အဲဒီအလုပ်သမားတွေဟာ မြန်မာ- ထိုင်း အစိုးရအချင်းချင်း သဘောတူညီချက် MOU နဲ့ သွားရောက်အလုပ် လုပ်ကိုင်သူတွေ မဟုတ်ပဲ ထိုင်းအစိုးရက တရားမဝင်အလုပ်သမားတွေကို ပေးအပ်ထားတဲ့ နေထိုင်ခွင့် CI စာအုပ်နဲ့ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။

CI စာအုပ်နဲ့အလုပ်လုပ်ကိုင်သူတွေဟာ အလုပ်ရှင်ပြောင်းရွှေ့ခွင့် မရှိဘူးဆိုတဲ့ ဥပဒေကြောင့် အလုပ်ရှင်က လုပ်အားခခေါင်းပုံဖြတ် ခိုင်းစေတာဖြစ်တယ်လို့ ကိုရဲမင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။