ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေကို ယာယီနေထိုင်ခွင့်ကတ်ထုတ်ပေးဖို့ အတည်ပြု

လုဆိုင်း
2020.12.30

ထိုင်းနိုင်ငံအလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အပါအဝင် လာအို၊ ကမ္ဘောဒီယား နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေကို ၂ နှစ်သက်တမ်းရှိတဲ့ ယာယီနေထိုင်ခွင့် ပန်းရောင်ကတ် လုပ်ပေးတော့မယ်လို့ ထိုင်း အစိုးရက ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးတော့မယ်လို့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာပြုလုပ်တဲ့ ထိုင်းအစိုးရ လွှတ်တော် အစည်းအဝေးကနေ အတည်ပြုလိုက်တယ်လို့ ထိုင်းပြည်ထဲရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ယာယီနေထိုင်ခွင့်ကတ်ပြုလုပ်ဖို့ ကျန်းမာရေး ဆေးလက်မှတ်နဲ့ ကိုဗစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးထားတဲ့လက်မှတ် လိုအပ်မှာဖြစ်ပြီး ကုန်ကျစရိတ် ဘတ်ငွေ ၇၂၀၀ ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ တကျော့ပြန် ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အခုလို ယာယီနေထိုင်ခွင့် ပန်းရောင်ကတ် ထုတ်ပေးတာလို့ မဟာချိုင်မြို့က ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) က ဦးအောင်ကျော်က ပြောပါတယ်။

“အကျပ်အတည်းဖြစ်နေတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးကာလမှာ ဒီရွှေ့ပြောင်းလုပ်သားတွေက အထောက်အထားမဲ့နေလို့ အိမ်ကိုပြန်လို့လည်းမရ အခက်တွေ့နေတဲ့အခါမှာ အခုလို ထိုင်းအစိုးရက ဖြေလျော့ပေးလိုက်တဲ့အတွက်ကြောင့် ကြိုဆိုတယ်။ ဝမ်းသာစရာလည်း ကောင်းတယ်။ ကြောက်စရာလည်း ကောင်းတယ်။ ကြောက်စရာဆိုတာက အစိုးရက အခုလိုမျိုး လုပ်ပေးလိုက်တဲ့အချိန်မှာ ဖြေလျော့ဥပဒေအနေနဲ့ ထိုင်းနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို အလုပ်သမားတွေအားလုံးကို ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖြေလျော့ပေးတာ။ သို့သော် ဦးတို့ စိုးရိမ်တာက ဒီလို ပန်းရောင်ကတ်တွေလုပ်ပေးတိုင်း မြန်မာနယ်စပ်ကနေ ကုန်သည်ပွဲစားတွေကနေ အကျိုးအမြတ်ရှာပြီးမှ ခိုးသွင်းလာတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်တတ်တယ်။ ဒါကိုပဲ ဦးတို့ စိုးရိမ်တယ်”


၂ နှစ်သက်တမ်းရှိ အထောက်အထား လက်မှတ်ပြုလုပ်ဖို့ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ ရက်ပေါင်း ၉၀ အတွင်း အလုပ်ရှင်ရှာဖွေပြီး တရားဝင်လျှောက်ထားလို့ အွန်လိုင်းကနေ မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။

မဟာချိုင်မှာ နေထိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား မသင်းသင်းကလည်း ယာယီ နေထိုင်ခွင့်ကတ် လုပ်ပေးတာကြောင့် အလုပ်လုပ်နိုင်မှာဖြစ်လို့ ဝမ်းသာတယ်လို့ ပြောပါတယ်။

“အဲဒါလုပ်ပေးမယ်ပြောလို့ ဝမ်းတွေသာနေတယ်။ နောက်ထပ်အခွင့်အရေးဆိုတာ ရှိလား၊ မရှိလားတော့ မသိဘူး။ ဒီတစ်ကြိမ်လုပ်ပေးမယ်ဆိုတော့ ဝမ်းသာတယ်လို့၊ ကတ်ရှိသွားပြီဆိုတော့ အလုပ်လည်းဘာလည်း သွားလုပ်လို့ ရပြီပေါ့။ ကတ်မရှိတော့ အလုပ်လုပ်လို့ မရဘူး။ ဘယ်မှလည်းထွက်လို့မရ။ ဒီတစ်ချိန်ရိုက်ပေးမယ်ဆိုတော့ ဝမ်းတွေသာနေတယ်။ ကိုဗစ် ကူးစက်တဲ့ လူကြတော့ ဆေးရုံသွားလို့မရ ဒီကတ်မရှိတော့။ ကတ်မရှိရင် ဆေးရုံ လက်မှတ်လည်း လုပ်လို့မရဘူး။ ကတ်ရှိရင်တော့ ဆေးရုံလက်မှတ်လည်း ရသွားတယ်။ ဆေးရုံလက်မှတ်ရရင် ကိုယ့်အတွက် အခွင့်အရေးသာသွားတာက ကိုယ်ဆေးရုံသွားမယ်ဆိုရင် ပိုက်ဆံ အကုန်အကျသက်သာသွား တယ်တာပေါ့ အစ်မရယ် ၃၀ ပဲပေးရတာပေါ့”

နေထိုင်ခွင့် လက်မှတ်မရှိရင် သွားလာရတာ ခက်ခဲသလို၊ ဖမ်းဆီးခံရမှာကို စိုးရိမ်ရလို့ ကုန်ကျစရိတ်တွေ မတတ်နိုင်ပေမယ့် ကြိုးစားပြီး ရအောင်လုပ်မယ်လို့ မသင်းသင်းက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတာ ၁၀ နှစ်လောက်ရှိပြီဖြစ်ပြီး ပွဲစားအလိမ်ခံရတာကြောင့် စာအုပ်ပျောက်သွားခဲ့လို့ အလုပ်မလုပ်နိုင်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ကိုဗစ်ကာလမှာ အလုပ်အကိုင်မရှိကြဘဲ အခက်အခဲ ဖြစ်နေပါတယ်။ အလုပ်သမားတွေအနေနဲ့ ပန်းရောင်ကတ်လုပ်ဖို့ ကုန်ကျစရိတ် ဘတ် ၇၀၀၀ ကျော်ပေးဖို့ အတော်ခက်ခဲမှာဖြစ်လို့ သက်သက်သာသာနဲ့ လုပ်ပေးစေလိုတယ်လို့ ဦးအောင်ကျော် က ပြောပါတယ်။

“အိမ်ပြန်လို့လည်း မရ၊ အလုပ်ရှင်လည်း စွန့်ပစ်၊ ဒုက္ခလည်းဖြစ်၊ ထိုင်းနိုင်ငံမှာလည်း နေလို့မရ၊ အဖမ်းခံရမယ့် အလုပ်သမားကို လုပ်ပေးတယ်ဆိုရင်တော့ အဲဒီငွေကြေးပမာဏက မဖြစ်နိုင်ပါဘူး။ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လည်း မရှိဘူး။ အလုပ်အကိုင်လည်း မရှိဘူး။ အိမ်ပြန်ဖို့လည်း အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတွေကို ကူညီတယ်ဆိုရင် ကူညီရာရောက်အောင် သင့်တော်တဲ့နှုန်းထားတွေ လုပ်ပေးရမှာပေါ့နော်။ ခေတ်အဆက်ဆက်က ပန်းရောင်ကတ်လုပ်တာ ၃ ထောင်ကျော်ပဲ ကျခဲ့တယ်။ ၃ ထောင်ကျော် အစိုးရပြဌာန်းတာ မရှိဘူး။ သက်တောင့်သက်သာ ဖြစ်မယ့်နှုန်းထားမှပဲ ဖြစ်မှာပေါ့"

အခုလုပ်ပေးမယ့် တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေအတွက် ယာယီနေထိုင်ခွင့် ပန်းရောင်ကတ်ဟာ လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

ကိုဗစ်အရေးပေါ်ကာလ ပြီးခဲ့တဲ့ သြဂုတ်လမှာလည်း ထိုင်းအစိုးရက မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီယား နိုင်ငံတွေက MOU စာအုပ်ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်လုပ်ခွင့် သက်တမ်း ၂ နှစ် တိုးခွင့်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းဝန်းကျင်ရှိပြီး အဲဒီထဲက တဝက်လောက်ဟာ တရားမဝင် နေထိုင်သူတွေလို့ သိရပါတယ်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ လူနာသစ် ၂၅၀ ရှိပါတယ်။ ပိုးတွေ့သူ စုစုပေါင်းက စုစုပေါင်း ၆ ထောင် ၆ ရာကျော်၊ သေဆုံးသူ ၆၁ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။