ဝန်ဆောင်ခမပေးရဘဲ မြန်မာ အလုပ်သမား ၂၅ဝ ကျော် ထိုင်းမှာ အလုပ်လုပ်ခွင့်ရ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် တို့ရဲ့ကူညီမှုနဲ့ မြန်မာအလုပ်သမား ၂၅ဝ ကျော်ဟာ ဝန်ဆောင်ခမပေးရဘဲ ထိုင်းနိုင်ငံအခြေစိုက် Thai Union Group ကုမ္ပဏီမှာ သွားရောက် အလုပ်လုပ်ကိုင်ခွင့် ရရှိပြီဖြစ်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ အလုပ်သမားဦးစီးဌာနရုံးမှာ ထိုင်းနိုင်ငံအခြေစိုက် Thai Union Group ကုမ္ပဏီနဲ့ အစိုးရတို့ MOU စာချုပ် လက်မှတ်ရေးထိုးပြီး စေလွှတ်တာဖြစ်ပါတယ်။

နောင်မှာ ဝန်ဆောင်ခမပေးရဘဲ မြန်မာအလုပ်သမားတွေ စေလွှတ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

"အလုပ်သမားတွေရဲ့ MOU စနစ်နဲ့ စေလွှတ်တဲ့လုပ်ငန်းစဉ်ကြီးမှာ အခုလိုလာပြီးတော့ ထိုင်းယူနီ ယမ်တွေရော၊ အလုပ်ရှင်ရော၊ နောက်တစ်ခါမြန်မာဖက်ကရော ပေါင်းပြီးတော့ ဒါကိုရေရှည်စနစ်နဲ့ တိတိကျကျအကောင်အထည်ဖော်ဖို့လိုတယ်၊ ဒါကိုလည်း ကျနော်တို့မဖြစ်ဖြစ်အောင်ကြိုးစားပြီး လုပ်ပေးဖို့မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်"

Thai Union Group ကုမ္ပဏီမှာ သွားရောက်အလုပ်လုပ်မယ့် အလုပ်သမားတွေဟာ အလုပ်ရရှိဖို့ ဝန်ဆောင်ခ မပေးရတော့ပေမယ့် မြန်မာအစိုးရကို စာရွက်စာတမ်းကြေးအဖြစ် ငွေကျပ် ၇ သောင်းနီးပါး ပေးသွင်းရမှာဖြစ်ပြီး ထိုင်းနိုင်ငံအစိုးရကိုလည်း ဘတ်ငွေ ၃ ထောင်နီးပါး ပေးသွင်းရမှာဖြစ်ပါတယ်။

အရင်က အလုပ်အကိုင်ရှာဖွေပေးတဲ့ ကုမ္ပဏီတွေကို ဝန်ဆောင်ခအနေနဲ့ ငွေကျပ် ၄ သိန်းလောက် အထိ ပေးဆောင်ရ တာတွေ ရှိနေပါတယ်။

အဲ့ဒီအလုပ်သမားတွေဟာ လုပ်အားခ တစ်ရက်ကို ဘတ် ၃ဝဝ ရရှိမှာဖြစ်ပြီး အချိန်ပိုကြေးအနေနဲ့ တစ်နာရီကို ၅၆ ဘတ်ကျော် ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်ပိတ်ရက်အနေနဲ့ တစ်ပတ်ကို တစ်ရက်၊ အစိုးရရုံးပိတ်ရက်တွေနဲ့ နှစ်ပြည့်ခွင့်အဖြစ် တစ်နှစ်ကို ရက် ၂ဝ နီးပါး ရရှိမှာဖြစ်ပါတယ်။

Thai Union Group ကုမ္ပဏီဟာ ငါး၊ ပုဇွန်၊ ပြည်ကြီးငါး၊ ကင်းမွန်စတဲ့ ပင်လယ်စာတွေကို အဓိကထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၄ သောင်းကျော် ရှိပါတယ်။

ဝန်ဆောင်မှု အခမဲ့နဲ့ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ စံပြစေလွှတ်တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး ဒီနေ့ စာချုပ်ချုပ် ဆိုပွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတည်ထောင်ထားသူတွေလည်း တက်ရောက်လေ့လာခဲ့ပါတယ်။