အာဆီယံ လူငယ်ဖိုရမ်အတွက် လူငယ်ကိုယ်စားလှယ် ၁၀၀ ရွေးချယ်

2014-03-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာလူငယ်တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၄ ကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မတ်လ ၆ ရက်နေ့ကကျင်းပစဉ်
မြန်မာလူငယ်တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၄ ကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မတ်လ ၆ ရက်နေ့ကကျင်းပစဉ်
photo: Kyaw Zaw Win/RFA

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာ လူငယ်ဖိုရမ်ကနေ ကိုယ်စားလှယ် ၁၀၀ ကို ရွေးချယ် လိုက်ပြီး အဲဒီ လူငယ်ကိုယ်စားလှယ်တွေဟာ လာမယ့် မတ်လ ၁၇ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ မှာ ကျင်းပမယ့်  အာဆီယံ လူငယ်ဖိုရမ်မှာ တက်ရောက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာလူငယ်ဖိုရမ်က ဒီနေ့ ရန်ကုန်မြို့ ပြည်လမ်းမှာ ရှိတဲ့ ဒိုင်းမွန်းကွန်ဒိုမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ အစီအစဉ်ညှိနှိုင်းရေးမှူး မသီရိမြတ်ထင် က ပြောခဲ့တာပါ။

တိုင်းနဲ့ ပြည်နယ်အသီးသီးကနေ မြန်မာ လူငယ်ဖိုရမ်ကို ပါဝင်တက်ရောက်ခဲ့တဲ့သူတွေကို သူတို့ပြည်နယ်နဲ့တိုင်းကနေ ပြန်ပြီးတော့ ရွေးချယ်ကြတယ်၊ အဲဒီညီအစ်ကိုမောင်နှမတွေက အာဆီယံ လူငယ်ဖိုရမ်ကို မြန်မာပြည်ကနေဆို အယောက် ၁ဝဝ နီးပါး တက်ရောက်မယ်၊ အဲဒီအယောက် ၁ဝဝ က မြန်မာလူငယ်ဖိုရမ်မှာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို သယ်ဆောင်ပြီးတော့မှ အာဆီယံ လူငယ်ဖိုရမ်မှာ သွားရောက်ပြီးတော့ ဆွေးနွေးမှာဖြစ်တယ်၊ ဒါက ကျမတို့ မြန်မာတစ်နိုင်ငံလုံးက လူငယ်တွေနဲ့ စုပေါင်းထားတဲ့ ဆွေးနွေးချက်ဖြစ်တဲ့အတွက် ဟိုမှာသွားပြီးတော့ ဆွေးနွေးတဲ့အခါမှာ သူတို့အတွက် ပိုပြီးတော့ထိရောက်မှုတွေရှိပါတယ်

ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကနေ ၆ ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မြန်မာလူငယ်ဖိုရမ်ကို ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ အဲဒီ နှီးနှောဖလှယ်ပွဲမှာ လူငယ်နဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး စတဲ့ကဏ္ဍ ၉ ခု ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးချက်တွေကို လာမယ့် အာဆီယမ်ဒေသ လူငယ်ဖိုရမ်မှာ မြန်မာနိုင်ငံက လူငယ်ကိုယ်စားလှယ်တွေက ဆက်လက်တင်ပြကြမှာ ဖြစ်ပါတယ်။

အာဆီယမ် လူငယ်ဖိုရမ်ကို လာမယ့် မတ်လ ၁၇ ရက်ကနေ ၁၉  ရက်နေ့အထိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပမှာပါ။ အာဆီယံ လူငယ်ဖိုရမ်ကနေ ထွက်ပေါ်လာမယ့် အချက်အလက်တွေကို အာဆီယံ အရပ်ဖက်အဖွဲ့အစည်း နှီးနှောဖလှယ်ပွဲမှာ ထပ်မံဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

မြန်မာလူငယ်ဖိုရမ် အစီအစဉ်ညှိနှိုင်းရေးမှူး မသီရိမြတ်ထင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့