ဖမ်းဆီးခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးနဲ့ ကုန်သည်တစ်ဦး ပြန်လွတ်လာ
2019.03.09
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ယောက်နဲ့ ဒေသခံ ကုန်သည်တစ်ယောက်ကို ရက္ခိုင့်တပ်မတော် AA နဲ့ဆက်သွယ်လို့ဆိုပြီး ဖမ်းထားရာကနေ မနေ့က ပြန်လွတ်လာတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
သူတို့တွေကို မြို့နယ်ရဲတပ်ဖွဲ့က ရက္ခိုင့်တပ်မတော် AA နဲ့ အဆက်သွယ်ရှိ၊ မရှိကို မေးမြန်းစစ်ဆေးခဲ့ပြီး မနေ့က ရဲစခန်းကနေ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ပြန်ပို့ပေးခဲ့တာဖြစ်တယ်လို့ အဖမ်းခံရာကနေ ပြန်လွတ်လာတဲ့ ဦးမောင်တင်ချေက ပြောပါတယ်။
ပြိုင်းချေ၊ ရန်အောင်ပြင်၊ ကျောက်ဆည်ပြင်၊ ပေါက်ပင်ကွင်းကျေးရွာတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မြို့နယ်ရဲတပ်ဖွဲ့က မေးမြန်းစရာရှိလို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က ခေါ်သွားခဲ့တာပါ။ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ လပတ်အစည်းအဝေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရောက်နေတဲ့အချိန်မှာ လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး အဲဒီကျေးရွာအုပ်ချုပ်ရေးမှူး ၄ ယောက်ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ယောက်နဲ့ ဒေသခံကုန်သည်တစ်ယောက်ကို တပ်မတော်အရာရှိတစ်ယောက်က တရားလိုလုပ်ပြီး တိုင်ကြားထားတာကြောင့် မြို့နယ်ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့တဲ့အကြောင်း၊ ဒါပေမဲ့ တရားလိုဘက်ကနေ လုံလောက်တဲ့ သက်သေအထောက်ထား မတင်ပြနိုင်တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဖြစ်တဲ့ ဦးအောင်နိုင်ထွန်း၊ ဦးစိန်လှမောင်၊ ဦးမောင်ဦးစိန်၊ ဦးမောင်တင်ချေနဲ့ ဒေသခံ ကုန်သည် ဦးကျော်သန်းတို့ကို ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်တုန်းက မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ လပတ်အစည်းအဝေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရောက်ရှိနေချိန်မှာ မြို့နယ်ရဲတပ်ဖွဲ့က လာခေါ်သွားပြီး အချုပ်ထဲမှာ ထိမ်းသိမ်းခံခဲ့ရတာလို့ ရန်အောင်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ပြောပါတယ်။
"ကျွန်တော်တို့ကို ခေါ်သွားတော့ စကားပြောစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ရောက်သွားတော့ သူတို့ထားတဲ့နေရာမှာ နေရတယ်။ အချုပ်ထဲမှာပေါ့။ ကျွန်တော်တို့လည်းမသိဘူးလေ။ သူတို့ထားတဲ့နေရာမှာ နေရတာပေါ့။ မေးလည်းမမေးဘူး။ ဘယ်လိုကြောင့်ဖမ်းတာလဲ မမေးဘူး။ ကျွန်တော်တို့ဆီက ဖုန်းနံပါတ်တွေကို မေးတယ်။ AA ဆီမှာရှိတယ်။ AA ဖုန်းနံပါတ်တွေတော့ ကျွန်တော်တို့ဆီမှာ မရှိဘူးလေ"
သူတို့တွေကို စစ်ဆေးတဲ့အခါမှာ AA တပ်ဖွဲ့မှာ ဘာကြောင့် ဒီကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ဖုန်းနံပါတ်တွေ ရှိနေတာလဲဆိုပြီး ဖုန်းတွေကိုပါ စစ်ဆေးခဲ့တာလို့ ပေါက်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တင်ချေက ပြောပါတယ်။
"စစ်ဆေးတာတော့ ဖုန်းတွေ စစ်ဆေးတယ်။ ဖုန်းနံပါတ်တွေကို တိုက်ပွဲမှာ ရှာတွေ့တယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့ကို မေးတယ်လေ။ ကျွန်တော်တို့က အုပ်ချုပ်ရေးမှူး ဖုန်းဆိုတာ ဌာနဆိုင်ရာလည်း ပေးထားရတယ်။ ပြီးတော့ နီးစပ်ရာလည်း ပေးထားရတယ်ပေါ့။ ၁၀ အိမ်မှူး၊ ရာအိမ်မှူးတွေကို ပေးထားရတယ်လို့ ပြောလိုက်တယ်လေ"
သူတို့တွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ ကောင်းကောင်းမွန်မွန် မေးမြန်းခဲ့ကြတာလို့လည်း ပြောပါတယ်။ ဖမ်းဆီးစစ်ဆေးပြီး ၉ ရက်မြောက်နေ့၊ မနေ့က ရဲစခန်းကနေ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ပြန်ပို့ပေးလိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
အဲဒီ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာပဲ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်တွေကို ပြန်လည်ထမ်းဆောင်ပြီဖြစ်ကြောင်း လက်မှတ်ထိုးခဲ့ရတယ်လို့လည်း သိရပါတယ်။
သူတို့တွေ လွတ်မြောက်လာတဲ့သတင်းကိုကြားရပေမယ့် တရားဝင် စာဝင်ထားတာ မရှိသေးဘူးလို့ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောပါတယ်။
"ဟုတ်ကဲ့ အဲဒီလိုတော့ ကြားတယ်ဗျ။ ရုံးပိတ်ရက်ဖြစ်နေတော့ ကျွန်တော့်ဆီလည်း ရောက်မလာသေးဘူးဗျ။ သူတို့ကို စစ်ဆေးတဲ့အခါ စွဲဆိုထားတဲ့ အချက်လက်တွေ၊ ဥပဒေတွေနဲ့မညီလို့ ပြန်လွှတ်တာဖြစ်မယ် ထင်တယ်ဗျ။ ဥပဒေနဲ့မငြိလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့တင်ထားတဲ့ အသေးစိတ်တွေ ကျွန်တော့်ဆီကို ရောက်မလာသေးဘူးဗျ"
အဲဒီလို ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ယောက်နဲ့ ဒေသခံ ကုန်သည်တစ်ယောက်ကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိတာကြောင့် လုံခြုံမှု မရှိတာ၊ ကာကွယ်ပေးမယ့်သူမရှိတာ၊ ပစ်မှတ်ထားခံရတာတွေကြောင့် တခြား ကျေးရွာအုပ်ချုပ်ရေးမှူး အယောက် ၉၀ က နုတ်ထွက်စာ တင်ထားကြတယ်လို့ သိရပါတယ်။
အဲဒီနုတ်ထွက်စာတင်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်ပြီးတော့လည်း နုတ်ထွက်ခွင့်ပေးထားတာ မရှိသေးဘူးလို့ ပြောပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။









