မြောက်ဦးဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ၈ ဦးကို ပုဒ်မတစ်ခုနဲ့ ထပ်မံတရားစွဲ


2018.09.25
mrauku-court-622.jpg မြောက်ဦးမြို့နယ် တရားရုံးကို မြင်ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန္ဒပြသူတွေကို ရဲက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို နိုင်ငံတော်အလံ အက်ဥပဒေပုဒ်မ ၁၆ နဲ့ ထပ်မံတရားစွဲဆိုလိုက်ပြီး မြောက်ဦးမြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူခဲ့တယ်လို့ သိရပါတယ်။

တရားစွဲခံရသူတွေဟာ စစ်တွေမြို့နယ် တရားရုံးမှာ ၈ လကျော်ကြာ တရားရင်ဆိုင်အပြီး ဥပဒေနဲ့ဆန့်ကျင်တဲ့သူတွေ ထဲမှာပါဝင်မှု ရာဇသတ်ကြီး ပုဒ်မ-၁၄၅ နဲ့ ချုပ်ရက်ကို ခံစားခွင့်ပြုကာ မနေ့ကပဲ ထောင်ဒဏ် ၈ လ အမိန့်ချမှတ်ခံ ခဲ့ရပြီး ပြန်လည်လွတ်မြောက်လာကြတာပါ။

ဒါပေမဲ့ ဖြစ်စဉ်တစ်ခုတည်းကိုပဲ နောက်ထပ်အကြောင်းအရာတစ်မျိုးနဲ့ ထပ်မံစွဲဆိုကာ ဖမ်းဆီးသွားတာလို့ အဲဒီအမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။

"တစ်မှုနဲ့ ၈ လတိုင်တိုင် ရင်ဆိုင်ပြီးတော့ ထောင်ဒဏ် ၈ လကျခံတဲ့အနေနဲ့ လွတ်ရပြန်တယ်ဆိုတော့လည်း ကဲ...နောက်တစ်ခုကျန်သေးတယ်၊ အဲနေ့ကတစ်ခြားကိစ္စ ဆိုတော့လည်း မီးခိုးမဆုံး မိုးမဆုံးနဲ့ ဘယ်လို ဥပဒေနဲ့အညီ အရေးယူလည်း မသိတော့ပါဘူး၊ တရားရုံးမှာရမန်ယူ နောက်ထပ် အမှတ် ၁ ရဲစခန်းကိုသွား အခုဆို မြောက်ဦးအချုပ်ခန်းထဲကို ရောက်သွားပြီ၊ ၁၆ ရက် ၁ လပိုင်းက ဖြစ်ခဲ့တဲ့ကိစ္စပဲ၊ အလံတိုင်ကို ဖျက်ဆီးတယ်၊ အလံကို ဘာလုပ်တယ်ဆိုတာမျိုးတွေ အကြောင်းခြင်းအရာကို တစ်ခုလုပ်ပြီးတော့ မြန်မာနိုင်ငံ အလံအက်ဥပဒေပုဒ်မ ၁၆ နဲ့ ၈ ယောက်လုံး ရမန်ယူလိုက်တာ။"

အခုအမှုမှာလည်း အရင်အမှုတုန်းက တရားလိုနဲ့ အမှုစစ်လုပ်ခဲ့တဲ့ မြောက်ဦးမြို့နယ်စခန်းမှူးကပဲ တရားလိုလုပ်ပြီး ထပ်မံစွဲဆိုထားတာလို့ ဒေါ်အေးနုစိန် က ပြောပါတယ်။

မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တာကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ ခရိုင် ရဲတပ်ဖွဲ့ရုံးကို ချီတက်ဆန္ဒပြခဲ့ကြရာမှာ ရဲက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် ၇ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရက သေဆုံးခဲ့သူတွေရော သေနတ်ဒဏ်ရာရသူတွေပါ စုစုပေါင်း လူ ၂၀ ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီအထဲက ၅ ယောက်ကို တရားခံပြေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

မနေ့က အမိန့်ချမှတ်ခံရတဲ့ ၈ ယောက်ဟာ ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးတယ်ဆိုတဲ့အချက် မပေါ်ပေါက်တဲ့အတွက် ဥပဒေနဲ့ဆန့်ကျင်တဲ့ သူတွေထဲမှာပါဝင်မှု ရာဇသတ်ကြီး ပုဒ်မ-၁၄၅ နဲ့ ပြောင်းလဲစွဲချက်တင်ပြီး ချက်ချင်း အမိန့်ချခဲ့တာလည်း ဖြစ်ပါတယ်။

အခုထပ်မံစွဲဆိုတဲ့ မြန်မာနိုင်ငံ အလံအက်ဥပဒေပုဒ်မ ၁၆ ဟာ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့အမှုဖြစ်ပြီး အာမခံ မရတဲ့အမှုဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။