စစ်ပွဲတွေရပ်ပေးဖို့ မြစ်ကြီးနားမှာ လူသောင်းနဲ့ချီ ဆန္ဒပြတောင်းဆို


2016.10.06
stop-war-620.jpg စစ်ပွဲတွေရပ်ပေးဖို့ မြစ်ကြီးနားမှာ အောက်တိုဘာလ ၆ ရက်နေ့က လူသောင်းနဲ့ချီ ဆန္ဒပြတောင်းဆိုစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ မြန်ဆုံးရပ် တန့်ပေးဖို့ မြစ်ကြီးနားမြို့မှာ လူပေါင်း တစ်သောင်းကျော် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ စုဝေးခဲ့ကြပြီး မြို့ထဲက ရပ်ကွက်တွေမှာ လှည့်လည်ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်။

စစ်ပွဲတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်နေကြရတဲ့အတွက် စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ တောင်းဆို တာဖြစ်ကြောင်း ဆန္ဒပြပွဲကို တက်ရောက်လာတဲ့ ဝိုင်းမော်မြို့ခံ ဒေါ်ရွယ်ဂျီးက ပြောပါတယ်။

"ကေအိုင်အေဘက်ကိုရော တပ်မတော်ဘက်ကိုရော ကျမတို့က စစ်ပွဲတွေအမြန်ရပ်ပေးဖို့ တောင်းဆိုနေ ကြပါတယ်၊ လူထုတွေက အရမ်းဒုက္ခရောက်နေတယ်၊ စားဝတ်နေရေးရော၊ ပညာရေးရော၊ ကျန်းမာရေးရော အစစ အရာရာမှာ အရမ်းနောက်ကျနေပါတယ်လို့၊ အဲဒါကြောင့်မို့ စစ်ပွဲကို အမြန်ရပ်တန့်ပေးဖို့ တောင်း ဆိုချင်ပါတယ်"

အခုရက်ပိုင်းအတွင်း ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နဲ့ လိုင်ဇာမြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

ဆန္ဒပြတောင်းဆိုသူတွေက ထိုးစစ်ချက်ချင်းရပ်၊ စစ်ဘေးဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာနေရပ်ပြန်နိုင်ရေး စတဲ့ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

ဒီရက်ပိုင်းမှာ မြစ်ကြီးနား၊ ဆင်ဘို၊ တနိုင်း စတဲ့မြို့တွေမှာ အစိုးရတပ်မတော်ရဲ့ထိုးစစ်တွေ ရပ်တန့်ဖို့ ဆန္ဒပြခဲ့တောင်းဆိုကြသလို ကေအိုင်အေက တောင်သူတွေရဲ့ လယ်ယာမြေတွေအနီး မိုင်းမထောင်ဖို့ နဲ့ ဆက်ကြေးကောက်၊ လူသစ်စုဆောင်းတာတွေ မလုပ်ဖို့ကိုလည်း တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို မြစ်ကြီးနား၊ ဝိုင်းမော်၊ နမ္မတီး စတဲ့မြို့ရွာတွေက ဒေသခံတွေ၊ စစ်ဘေးဒုက္ခသည်တွေနဲ့ ကချင်နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။