မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုကြောင့် ဆက်ဆံရေးမထိခိုက်ဟု တရုတ်သံအမတ်ပြော
2011.10.22
ဗီယက်နမ်နိုင်ငံတွင် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ၁၃ ကြိမ်မြောက် အာစီယံ နှင့် အာရှသုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန် (ယာ) နှင့် တရုတ်ဝန်ကြီးချုပ် Wen Jiabao (ဝဲ) တို့တက်ရောက်နေစဉ်။ (Photo: AFP)
ပြည်သူအများက ကန့်ကွက် ဝေဖန်လာတဲ့အတွက် မြန်မာအစိုးရက မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းခဲ့အပြီး တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတဲ့အပေါ် တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက မေးမြန်းရာမှာ တရုတ်သံအမတ်ကြီး လီကျန်းဝှာ (Li Junhua) က အခုလို ဖြေကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မိမိနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အတိတ်မှာပဲ ဖြစ်ဖြစ် အနာဂတ်ကာလမှာပဲ ဖြစ်ဖြစ် ကိုယ့်လမ်းကိုယ် ရွေးချယ်လုပ်ကိုင် ဆောင်ရွက်တာကို တရုတ်နိုင်ငံက အမြဲ နားလည်ထောက်ခံ အားပေးကြောင်းလည်း Mr. Li Junhua က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို ထိန်းသိမ်းရာမှာပဲ ဖြစ်စေ၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဖြစ်စေ၊ မြန်မာပြည်သူတွေ ဘဝ တိုးတက်ရေးအတွက် ဆောင်ရွက်တာပဲဖြစ်စေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး ဆောင်ရွက်တာပဲ ဖြစ်စေ၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အမြဲ ထောက်ခံအားပေးသွားမှာ ဖြစ်ပါတယ်လို့လည်း တရုတ်သံအမတ်ကြီးက စာနဲ့ရေးသား ဖြေကြားခဲ့တယ်လို့ တရုတ်အစိုးရ သတင်းဌာနက ဖော်ပြထားပါတယ်။









