မြိုတိုင်းရင်းသား ၂ ဦး လက်လုပ်မိုင်းပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာမှာ နေထိုင်တဲ့ မြိုတိုင်းရင်းသား နှစ်ဦးဟာ မနေ့က ငါးရှာဖို့အထွက် ဒိုးတန်းကျေးရွာအရောက်မှာ လက်လုပ်မိုင်း ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
ဒိုးတန်းကျေးရွာမှာ သံချေးတက်နေတဲ့ ဘူးတစ်ခုကို ဓားနဲ့ခြစ်ကြည့်ရာကနေ ရုတ်တရက် ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာတွေရခဲ့ကြတာဖြစ်တယ်လို့ လောင်းဒုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ရဲကျော် က RFA ကို ဒီနေ့ ပြောပါတယ်။
လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် မျက်နှာနဲ့ ခြေသလုံးနေရာတချို့မှာ ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ် အတွက် စိုးရိမ်စရာတော့ မရှိဘူးလို့လည်း ပြောပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရသူ နှစ်ဦးစလုံး မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
အဲဒီ လက်လုပ်မိုင်း ပေါက်ကွဲခဲ့တဲ့ ဒိုးတန်းကျေးရွာဟာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ရွာလုံးကျွတ် မီးရှို့ခံခဲ့ရတဲ့ကျေးရွာ ဖြစ်ပါတယ်။
မနေ့က ပေါက်ကွဲခဲ့တဲ့ လက်လုပ်မိုင်းဟာ တိုက်ခိုက်မှုဖြစ်ပွားတဲ့ ကာလအတွင်း ARSA အကြမ်းဖက်သမားတွေ ပြုလုပ်ထားခဲ့တဲ့ လက်လုပ်မိုင်းဖြစ်တယ်လို့လည်း လောင်းဒုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ရဲကျော်က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။