ဦးမျိုးရန်နောင်သိမ်း ထောင်ဒဏ် ၆လ ချမှတ်ခံရ


2017.04.07
myoyannaungthein-jail-620.jpg ဦးမျိုးရန်နောင်သိမ်း ကို ရန်ကုန်မြို့ ကမာရွတ်နယ် တရားရုံမှာ ဧပြီလ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
photo: Thiha Tun/RFA

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို စော်ကားတဲ့ အရေးအသားတွေ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ မှာ ရေးသားလို့ဆိုပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိမ်းကို ရန်ကုန်မြို့ကမာရွတ်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ဒီကနေ့ တရားရုံးက အမိန့်ချအပြီးမှာ ဦးမျိုးရန်နောင်သိမ်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဟာ တရားမျှတမှု မရှိတဲ့အတွက် ပြင်ဆင်ရမှာဖြစ်ကြောင်း ပြောပါတယ်။

"ဒါကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုရင် မထိနဲ့ဆိုတဲ့ သဘောသက်ရောက်နေတာပေါ့နော်။ အဲဒီတော့ မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတာက ကျနော်တို့ အစိုးရတစ်ခုထဲမဟုတ်ဘူး၊ နှစ်ဖွဲ့ဖြစ်နေတယ် ဆိုတာ သိသာတာပေါ့နော်၊ ၆၆(ဃ)ကို အလွဲသုံးစားမလုပ်ဖို့လိုတာပေါ့၊ ၆၆(ဃ)က လိုပါတယ်။ ဒါပေမဲ့ ပြုပြင်ဖို့လဲလိုတယ်၊ အလွဲသုံးစားမှုတွေရှိနေလို့ပါ"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပတ်သက်လာရင် မထိနဲ့ ဆိုတဲ့ သဘောမျိုးဖြစ်နေပြီး မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရနှစ်ရပ်ရှိတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်က နယ်ခြားစောင့်စခန်းတွေကို စစ်သွေးကြွတွေက တိုက်ခိုက် ခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်တဲ့စာသားတွေကို လူမှု ကွန်ရက်ပေါ်မှာ ဦးမျိုးရန်နောင်သိမ်းက ရေးသားခဲ့ရာမှာ တပ်မတော်အကြီးအကဲကို စော်ကားတဲ့ အသရေဖျက် မှုမြောက်တဲ့ အရေးအသားတွေ ပါဝင်တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုဗိုလ်မှူးကြီးလင်းထွန်း က တရားလိုပြု လုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုဗိုလ်မှူးကြီး လင်းထွန်း ကတော့ ဒီအမိန့် ချမှတ်မှုနဲ့ ပတ်သက်ပြီး ဘာမှမှတ်ချက်ပေးစရာမရှိဘဲ သိလိုတာတွေရှိရင် နေပြည်တော် တပ်မတော်ရုံးက တာဝန်ရှိသူတွေ ကို မေးနိုင်တယ်လို့ ပြောပါတယ်။

ဦးမျိုးရန်နောင်သိမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က စတင်ဖမ်းဆီးထားတာဖြစ်တဲ့အတွက် လာမယ့် မေလ ၃ ရက်နေ့မှာ ၆ လပြည့်မှာ ဖြစ်တယ်လို့ သူရဲ့ဇနီး မချိုချို က ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရသူ ၇ ဦး ရှိပြီး ၅ ဦး ထောင်ဒဏ်ချမှတ်ခံရပါတယ်။ လက်ရှိ အစိုးရ လက်ထက်မှာ တရားစွဲခံရသူ ၅၄ဦးရှိပြီး ဦးမျိုးရန်နောင်သိမ်း အပါအဝင် ထောင်ဒဏ်ချမှတ်ခံရသူ ၇ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။