နမ္မတူ သတ္တုစက်ရုံက အလုပ်သမားတွေ နစ်နာကြေးငွေ ရဖို့လိုလား

ကံသာ
2020-12-01
Share

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာရှိတဲ့ မြန်မာအထွဋ်အထိပ် သတ္တုစက်ရုံက အလုပ်ရပ်နားထား ခံရတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ပါ သဘောတူ ညီချက်အတိုင်း တနေ့ငွေကျပ် ၃၀၀၀ ခန့်ပုံမှန်ပေးဖို့ လိုလားကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့၊ သ.တ.လ(၇) ရပ်ကွက်မှာ ရှိတဲ့ မြန်မာအထွဋ်အထိပ်ကုမ္ပဏီက အလုပ်သမား ၁၀၁ ဦးကို ဒီနှစ်ဇန်နဝါရီလမှာ အလုပ်နားထားခဲ့ပြီး လုပ်ငန်းပြန်လည်မပတ်မချင်း တစ်ရက်လုပ်ခ ၃၀၀၀ ကျပ်ပေးမယ်လို့ ညှိနှိုင်းထားပေမယ့် အလုပ်သမားတွေက နစ်နာကြေးငွေ မရကြောင်း ပြောကြပါတယ်။

အလုပ်သမားတွေအနေနဲ့ ဇန်နဝါရီလ တစ်လစာပဲရခဲ့ပြီး နောက်ပိုင်းမှာ လုံးဝ လခမရကြတော့ဘူးလို့ စက်ရုံလုပ်သား ကိုဇော်မင်းက ပြောပါတယ်။

ကုမ္ပဏီဒါရိုက်တာ ဦးမြအောင်က မြို့နယ်အဆင့် တာဝန်ရှိသူတွေရဲ့ရှေ့မှာ တစ်ရက်ကို သုံးထောင်ကျပ်နဲ့ စက်ရုံပြန်လည် မလည်ပတ်မချင်း လုပ်ခပေးထားမယ်လို့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ စေ့စပ်ညှိနှိုင်းရာမှာ ပါဝင်ခဲ့တဲ့ နမ္မတူ ဖြူစင်ကြယ် အလုပ်သမားအဖွဲ့အစည်းက အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောပါတယ်။

နမ္မတူမြို့မှာရှိတဲ့ မြန်မာအထွဋ်အထိပ်ကုမ္ပဏီဟာ သတ္တုတွင်းဝန်ကြီးဌာနကနေ ယခင်ချော်ကျောက် အဟောင်းတွေကို ပြန်လည်ဝယ်ယူပြီး ဇင့်အောက်ဆိုဒ် ပြန်လည်ထုတ်လုပ်တဲ့ စက်ရုံတစ်ခု ဖြစ်ပါတယ်။

အလုပ်သမားတွေဟာ ချော်ကျောက်တွေကို နည်းပညာနဲ့ ချက်လုပ်ပြီးထွက်လာတဲ့ ဇင့်အောက်ဆိုဒ်တွေကို ထုတ်ပိုးကြရတာလို့ မြန်မာအထွဋ်အထိပ်ကုမ္ပဏီမှာ ချိန်ခွင်စာရေးမလုပ်တဲ့ မဖြူဖြူအောင်က ပြောပါတယ်။

ကုမ္ပဏီက ၂၀၁၉ စက်တင်ဘာလမှာ အစိုးရထံကနေ ကုန်ကြမ်းဝယ်လို့ မရလို့ဆိုပြီး စက်ရုံအလုပ်သမား ငါးဆယ်ကျော်ကို လခတစ်ဝက်ပေးပြီး အလုပ်ကနေ ရပ်နားခဲ့ပါတယ်။အလုပ်သမားတွေဟာ အလုပ်ဆင်းချိန်မှာ တစ်ရက်ကို ငါးထောင်နှုန်းနဲ့ ရတယ်လို့ဆိုပါတယ်။ အလုပ်မဆင်းတဲ့နေ့တွေမှာတော့ လုပ်ခမရကြပဲ တစ်ပတ်လုံးဆင်းရင် တစ်ရက်စာ ပိုပေးတယ်လို့ဆိုပါတယ်။

အလုပ်သမားတွေက လုပ်ငန်းခွင် ပြန်ဝင်ရမယ့်ရက်ကို တိတိကျကျ ပြောပေးဖို့တောင်းဆိုတာမှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြား ပြေလည်မှုမရတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ မြို့နယ်အဆင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို တိုင်ကြားခဲ့ကြပါတယ်။

မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရဲ့ ညှိနှိုင်းမှုနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ၊ အလုပ်သမားတွေဟာ ၂၀၁၉ ဒီဇင်ဘာမှာ အလုပ်ပြန်ဝင်ခဲ့ကြပြီး တစ်လ အကြာမှာ အလုပ်သမား (၁၀၁ ) ဦး အလုပ်ကနေ ပြန်ရပ်နားခံခဲ့ရတာ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ သတ္တုတွင်းဝန်ကြီးဌာနကနေ ချော်တန်ချိန် တစ်သောင်း တင်ဒါရထားပြီး ဖြစ်တယ်လို့ သိထားပေမယ့် လုပ်ငန်းပြန်လည်ပတ်တာတော့ မရှိသေးဘူးလို့ စေ့စပ်ညှိနှိုင်းမှုမှာပါဝင်တဲ့ လုပ်သားအားမာန် အလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ကိုမြင့်ဦးက ပြောပါတယ်။

လက်ရှိ အလုပ်သမားနဲ့ အလုပ်ရှင်ကြား ပြဿနာတွေကို ညှိနှိုင်းဖို့ လားရှိုးမြို့နယ် အလုပ်သမား၊ အလုပ်ရှင်ညှိနှိုင်းရေးရုံးကို တင်ပြထားပါတယ်။

မြန်မာအထွဋ်အထိပ် ကုမ္ပဏီဟာ ၂၀၀၀ ခုနှစ်မတိုင်ခင်မှာ စမ်းသပ်လည်ပတ်ခဲ့ပြီး ၂၀၁၄ နောက်ပိုင်းမှာ စတင် လည်ပတ်နိုင်ခဲ့တာဖြစ်ပါတယ်။ စက်ရုံမှာ တရုတ်နိုင်ငံသား ပညာရှင်တချို့နဲ့ အလုပ်သမား ၁၀၀ ကျော်ရှိပါတယ်။ အခုတော့ အလုပ်သမားအားလုံးနီးပါး အလုပ်ရပ်နားခံထားရပြီး စက်ရုံစောင့် ဝန်ထမ်းတချို့ပဲ ကျန်ရှိနေတာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ ကိုဗစ်ကာလမှာ ငွေကြေးအကျပ်အတည်း ရှိတာကြောင့် ကုမ္ပဏီဘက်က ငွေကြေးထုတ်ပေးစေလိုကြောင်း စက်ရုံလုပ်သား ကိုသိန်းဇော်က ရင်ဖွင့်ပါတယ်။

RFA က မြန်မာအထွဋ်အထိပ် ကုမ္ပဏီက တာဝန်ရှိသူတွေကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာမရှိပါဘူး။

လားရှိုးမှာရှိတဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူကို RFAက နှစ်ရက်ဆက်တိုက် ရုံးမှာသွားရောက် တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းနဲ့ အပြင်သွားရောက်နေတယ်လို့ ပြောပြီး တွေ့ဆုံခွင့်မရခဲ့ပါဘူး။

နမ္မတူမြို့နယ် အလုပ်သမား၊ အလုပ်ရှင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တာဝန်ရှိသူဖြစ်တဲ့ နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ကုမ္ပဏီနဲ့ အလုပ်သမားကြား ပြဿနာညှိနှိုင်းမှု မပြေလည်တာကြောင့် ပြည်နယ် အဆင့်ညှိနှိုင်ရေးအဖွဲ့ထံ ထပ်မံတင်ပြထားပြီး လက်ရှိမှာ ညှိနှိုင်းမှုဟာ မပြီးပြတ်သေးတဲ့ အခြေအနေ ဖြစ်တယ်လို့ ပြောပါတယ်။

အခုလို အလုပ်ရှင် အလုပ်သမားကြား ပြဿနာတွေဖြစ်လာတဲ့အခါ နမ္မတူမြို့နယ်မှာ အလုပ်သမား ညှိနှိုင်းရေးရုံးတွေမရှိလို့ လားရှိုးနဲ့ ကျောက်မဲမြို့နယ်တွေကို သွားရောက် ဆွေးနွေးနေရပြီး နမ္မတူမှာ အလုပ်သမားရုံး ဖွင့်ပေးဖို့ကိုလည်း အလုပ်သမားတွေက တောင်းဆို နေပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့