ကလေးမြို့နယ် နန်းချောင်းရွာက ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်တွေ မီးရှို့ခံရ

RFA Burmese
2022.12.13
ကလေးမြို့နယ် နန်းချောင်းရွာက ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်တွေ မီးရှို့ခံရ မီးရှို့ခံရသည့် ကလေးမြို့နယ်က နန်းချောင်းရွာကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့နယ်က နန်းချောင်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီဇင်ဘာလ ၁၂ ရက်မနေ့က ဝင်ရောက်စီးနင်း မီးရှို့တာကြောင့် ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ် ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ နီးပါးက ရွာကိုဝင်ရောက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က မနက်ပိုင်းကနေ နေ့လည်ပိုင်းထိ မီးရှို့တယ်။ ဘုရားကျောင်းနဲ့ နေအိမ် ၁၉ လုံးပါသွားတယ်။ ဒီနေ့ မနက်လည်းသူတို့ မီးထပ်ရှို့နေကြတယ်။ ရွာကလူတွေကတော့ မနေ့ကမနက် သူတို့ဝင်လာကတည်းက ရွာလုံးကျွတ် အကုန်ထွက်ပြေးနေရတယ်”

အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ နန်းချောင်းရွာနဲ့ အနီးပတ်ဝန်းကျင်က ပြည်တော်သာ၊ မောက်လင်း ရွာတွေက ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ အရပ်သား ဘယ်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတာ တိတိကျကျ မသိရသေးဘူးလို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို ဒီကနေ့ ညနေပိုင်း RFA က ဖုန်းနဲ့ ဆက်သွယ်တဲ့အခါ သူ့အနေနဲ့ ဒီဖြစ်ရပ်ကို မသိသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူရဲ့တပ်ဖွဲ့ဝင်တွေက နေအိမ် မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ဒီနှစ် သြဂုတ်လအတွင်းက ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းထားတဲ့ ဖေဖော်ဝါရီလကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ ၂၂ လတာ အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် စစ်ကိုင်းတိုင်း အတွင်းမှာ နေအိမ် ၂၇,၄၉၆ လုံး မီးလောင်းဆုံးရှုံးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။