နမ္မတီးမြို့ကို စစ်ပြေးဒုက္ခသည် တစ်ထောင်ကျော် ရောက်ရှိ
2017.08.14
တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်တွေ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်ကို ရောက်ရှိလာစဉ်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းက ကဆုန့်ကျေးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ အခုလ ၁၀ ရက်နေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကဆုန့်ကျေးရွာနဲ့ ၁၁ မိုင်ခန့်ဝေးတဲ့ နမ္မတီး မြို့ပေါ်နဲ့ လမ်းဂွကျေးရွာကို ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
မနေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ကဆုန့် ကျေးရွာက ဒေသခံတွေအားလုံးကို သွားရောက်ခေါ်ယူခဲ့တာဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဦးလမိုင် ကပြောပါတယ်။
"မနေ့ကတော့ KBC ကဆရာတွေနဲ့ PCG ကငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ကဆုန့်ကိုသွားပြီးတော့မှ အဲဒီမှာ သောင်တင်နေတဲ့ အဖွဲ့တွေ ကို ပြန်သွားခေါ်တာတော့ ရှိပါတယ်။ ကျန်တဲ့အဖွဲ့တွေ တော်တော်များများပါပါတယ်။ တချို့ကျတော့ တရက်နှစ်ရက်ကြာနေတဲ့သူတွေပါတယ်။ တချို့ကျတော့ တောထဲကို ဝင်ပြီးခိုနေပြီးမှ ပြန်ထွက် လာတဲ့ အဖွဲ့တွေလည်းပါပါတယ်"
လက်ရှိမှာ နမ္မတီးမြို့ပေါ်ကကက်သလစ်ကျောင်းမှာ စစ်ရှောင်၅၀၀ ခန့်နဲ့ နမ္မတီးလမ်းခွက ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ စစ်ရှောင် ၅၀၀ ကျော် ကို နေရာချထားပေးထားတယ်လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် ကဆုန့်ကျေးရွာသား တစ်ဦးသေဆုံးတယ်လို့ သတင်းရရှိပြီး ပျောက်ဆုံးနေသူ ၃ ဦး ရှိနေတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ လမ်းခွကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်က ဦးလမိုင် ကပြောပါတယ်။
ကဆုန့်ရွာနားမှာ မနေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားတာ မရှိကြောင်းနဲ့ ဒေသခံတွေကတော့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကုန်ကြပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။









