နမ္မတူမှာ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော်ရှိ
2017.07.09
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နမ္မတူမြို့ ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူ ၄၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
အိမ်ထောင်စု ၁၀၀ ကျော်က လူဦးရေ ၄၀၀ ကျော်ရောက်ရှိနေပြီး မိုးရာသီဖြစ်တာကြောင့် နေရေး၊ ထိုင်ရေး အခက်အခဲတွေရှိနေတယ်လို့ ထွက်ပြေးလာသူတွေ ကို ကူညီပေးနေတဲ့ တအာင်းလူငယ် အဖွဲ့က ကိုမိုင်းလုံအေး က ပြောပါတယ်။
"စစရောက်ချင်း ၄ ရက်နေ့တုန်းကတော့ ၂၀၀ ကျော်ပဲရှိတယ်ခင်ဗျ၊ တဖြည်းဖြည်းနဲ့ တိုးလာတာ ခင်ဗျ၊ အခုလောလောဆယ်က လူဦးရေက ၄၀၀ ကျော်နေတယ်၊ အိမ်ထောင်စုက ၁၁၀ ၊ အခုက မိုးရာသီဆိုတော့ သူတို့မှာ နေရတာ၊ ထိုင်ရတာလည်း သိပ်တော့ အဆင်မပြေဘူးခင်ဗျ"
တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေဟာ နမ္မတူမြို့၊ ရပ်ကွက် ၈ က ပုဗ္ဗာရုံကျောင်းတိုက်မှာ ခိုလှုံနေကြပြီး တချို့က နီးစပ်ရာဆွေမျိုးအိမ်တွေမှာ သွားရောက်နေထိုင်ကြပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေပိုများပြီး လက်ရှိမှာ ထွက်ပြေးလာသူတွေ အတွက် လူမှုကူညီရေးအဖွဲ့တွေက အဝတ်အစား၊ အသုံးအဆောင်တွေ လာရောက်လှူဒါန်းတာ ရှိပေမယ့် စားသောက်ရေးအတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
နမ္မတူမြို့နယ် ပန်လော့၊ ပန်မော်ခမ်း၊ နောင်တောင်လုတ်၊ ကုန်ကြုံ၊ ပန်မအင်နဲ့ ပန်စံ စတဲ့ ကျေးရွာတွေတဝိုက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကတည်းက RCSSနဲ့ TNLA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။