ရေမဆေးကျောက်ရှာဖွေသူ ၄ ဦး သေဆုံး


2017.05.17
nansipon-yaymasay-620.jpg ပဋိပက္ခကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ရေမဆေးကျောက်ရှာဖွေသူများ ခန္တီးမြို့နယ်ဆေးရုံမှာ မေလ ၁၇ ရက်နေ့က ဆေးကုသမှု ခံယူနေသည်ကို တွေ့ရစဉ်
Photo: Aung San Myint

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီဘွန်ကျောက်စိမ်းလုပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက ရေ မဆေးကျောက်ရှာဖွေသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပြီး ပစ်ခတ်မှုရှိခဲ့တာကြောင့် ရေ မဆေးကျောက်ရှာဖွေသူ ၄ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရေမဆေးကျောက်ရှာဖွေသူ ၇ဝဝ ကျော်က  ဦးပိုင်ကုမ္ပဏီဝင်းထဲကို ဒီနေ့မနက် ၈ နာရီလောက်က ဝင်ရောက်ပြီး ကျောက်ရှာဖွေခဲ့တာကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရှိတဲ့အကြောင်း ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့် က ပြောပါတယ်။

"လေးဦးသေဆုံးတယ်ဗျ။ ၁၁ ဦးဒဏ်ရာရတယ်။ အခုလက်ရှိဆေးရုံကိုတော့ ညနေ ၄  နာရီက ၅ ဦးတော့ ရောက်လာပြီဗျ။ ၆ ဦးကတော့ ကျန်နေသေးတယ်ဗျ။  နောက်ကတော့လာနေပြီလို့ပြော တယ်ဗျ။"

နန်စီဘွန်ကျောက်စိမ်းလုပ်ကွက်ဟာ ခန္တီးမြို့နဲ့ မိုင် ၃ဝ ကွာဝေးပြီးသွားလာရေးခက်ခဲသလို ဆက်သွယ်ရေးခက်ခဲ တဲ့အတွက် ဖုန်းအဆက်အသွယ်ရဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။

ဒီနေ့ , နေ့လည်ပိုင်းမှာ ခန္တီးမြို့နယ်နဲ့ ခရိုင်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ဆရာဝန်တွေက နန်စီဘွန်ဒေသကို သွားရောက်နေပြီလို့ ခန္တီးဒေသခံတွေကပြောပါတယ်။ခန္တီးမြို့မရဲစခန်းမှူး ဒုရဲမှူး ဦးလှတင့်နဲ့ ခန္တီးမြို့နယ် အုပ်ချုပ်ရေး မှူး ဦးခင်မောင်ဆင့်တို့က RFA က ဖုန်းဆက်သွယ်မေးမြန်းခဲ့ ပေမယ့် အဆက်သွယ်မရသေးပါဘူး။

ညနေပိုင်းမှာ ခန္တီးမြို့နယ်ဆေးရုံကို ဒဏ်ရာရရှိသူ ၅ ဦးထဲက ၁ ဦးက စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ ဆေးရုံကို သွားရောက် ကြည့်ရှုခဲ့တဲ့ ဆရာတော် ဦးကောဝိက မိန့်ပါတယ်။

"ဒီနေ့မနက်ကျတော့ အဲဒီဦးပိုင်ဘက်မှာ သွားဝင်ရှာကြတယ်တဲ့။ အဲဒီကသေနတ်တွေဘာတွေနဲ့ ပစ်တယ်။ လှမ်းပစ်တာနဲ့ ပြန်ထွက်လာကြတယ်။ တချို့ကလည်း အထဲဝင်ပြီးမှ ဆီတိုင်ကီတွေကို မီးရှို့တယ် အဲ့လိုပြော တယ်။ ဘုန်းဘုန်းကြားသလောက်ကတော့ ၄ ယောက် က သေတယ်။ ၁၁ ယောက်က ဒဏ်ရာ ရတယ်ဆိုပေ မယ့် ၅ ယောက်က အခုဆေးရုံရောက်လာတယ်။ တစ်ယောက် ကတော့ နည်းနည်းလေး တော်တော် ဒဏ်ရာပြင်းတဲ့သဘော။ ကျန်တဲ့လေးယောက်ကတော့ အားလုံးထူထူထောင်ထောင်ရှိတယ်ပေါ့။"

တရားမဝင် ရေမဆေးကျောက်ရှာဖွေသူတွေအနေနဲ့ နန်စီဘွန်ကွက်ရပ်နဲ့ မကျန်ခမှော်လုပ်ကွက်တွေအတွင်း ကျူးကျော်ဝင်ရောက်ပြီး ကုမ္ပဏီတွေက စွန်ပစ်မှုမရှိသေးတဲ့ မြေစာပုံတွေကို ရှာဖွေနေတဲ့အတွက် ဖယ်ရှားပေးဖို့ ပုဒ်မ ၁၄၃ ကို ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အခုလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တရားမဝင်ရေမဆေးကျောက်ရှာဖွေသူတွေအနေနဲ့ မေလ ၁၆ ရက်နေ့ကနေစတင်ပြီး မေလ ၃ဝ ရက်နေ့ နောက် ဆုံးထားဖယ်ရှားပေးဖို့ အဲဒီကြေညာချက်မှာ ပါရှိပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ရေမဆေးသမားတွေက ဦးပိုင်ဝင်းထဲကို ဝင်ရောက်ပြီး ရေမဆေးကျောက်ရှာဖွေရာမှာ ပဋိပက္ခတွေဖြစ်ခဲ့ပြီး ဦးပိုင်ဝင်းအတွင်းက ဆီသိုလှောင်ကန်တွေလည်း မီးလောင်မှုတွေရှိခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။

နန်စီဘွန်ဒေသမှာ ဦးပိုင်ကုမ္ပဏီအပြင် ခိုင်နန်းရွှေ၊ ဇဗ္မူသိရိ၊ အောင်ထီးဖြူ၊ မြောက်ကျွန်းသူမမ၊ သာမြင့်၊ မင်းထက် ဦး၊ ထက်ရည်လင်း စတဲ့ကုမ္ပဏီတွေက တရားဝင်ကျောက်မျက်တူးဖော်ခွင့် ရရှိထားပြီး တရားမဝင် ရေ မဆေးကျောက်ရှာဖွေသူဦးရေ သုံးသောင်းနီးပါးရှိနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။