နမ့်ဆန်မြို့နဲ့ လပွတ္တာမြို့မှာ မီးအကြီးအကျယ်လောင်
2016.02.04
နမ့်ဆန်မြို့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ညက လောင်တဲ့မီးကြောင့် ပျက်စီးနေတဲ့နေအိမ်တွေကို တွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့တို့မှာ မနေ့ကမီးလောင်မှုဖြစ်ခဲ့ပါတယ်။
နမ့်ဆန်မြို့မှာ နေ့လည် ၁ နာရီကျော်လောက်ကနေ ညသန်းခေါင်ကျော်ထိလောင်ကျွမ်းခဲ့ပြီး အိမ်ခြေ ၁ ရာ ကျော်မီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။
အောင်မင်္ဂလာရပ်ကွက်က မီးဘေးသင့်ဒေသခံတွေကို နမ့်ဆန်မြို့မ ဘုန်းကြီးကျောင်းမှာ ယာယီနေရာ ချပေးထားတယ်လို့ မြို့နယ်သံဃာ့နာယကဆရာတော် ဦးကုမာရက မီးလောင်နေစဉ်အချိန်မှာ RFA ကိုမိန့်ပါတယ်။
"မီးကလောင်နေတုန်း ရေကကုန်နေပြီ၊ လူတွေက အိမ်ဖျက်ဖို့ရာပဲလုပ်နေတယ်၊ အိမ်ကလည်း အိမ်ကြီး အိမ်ကောင်းတွေရှိတယ်၊ လောလောဆယ်တော့ ဘုန်းကြီးတို့ကျောင်းမှာ ပစ္စည်းတွေလာထားတာပဲရှိတယ် ဒကာကြီး"
မီးလောင်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို မနေ့ညနေပိုင်းမေးမြန်းရာမှာ အခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး အတိအကျမသိရသေးကြောင်းပြောပါတယ်။
ခိုင်သစ္စာလက်ဖက်ပွဲရုံကနေ စတင်လောင်ကျွမ်းခဲ့တဲ့ နမ့်ဆန်မြို့ကမီးကိုငြိမ်းဖို့ လားရှိုး၊ သီပေါ၊ ကျောက်မဲက မီးသတ်ကားတွေ သွားကူခဲ့ပေမယ့် လမ်းကျဉ်းတဲ့ပြဿနာ၊ ရေမရှိတဲ့အတွက်ကြောင့် မီးငြိမ်းသတ်ဖို့ အခက်အခဲဖြစ် ခဲ့ရတယ်လို့သိရပါတယ်။ နမ့်ဆန်မြို့မှာ ၂၀၁၂ခုနှစ် နိုဝင်ဘာလကလည်း အိမ်ခြေ ၅၀ ကျော်မီးလောင်ခဲ့ပြီး ကာလတန်ဖိုး သိန်းရှစ်ထောင်ကျော်ဆုံးရှုံးခဲ့ပါတယ်။
လပွတ္တာမြို့မှာတော့ ည ၇ နာရီခွဲလောက်မှာ စတင်လောင်ကျွမ်းတာဖြစ်ပြီး မနက် ၁ နာရီကျော်မှ မီးညွန့်ကျိုးသွား တယ်လို့သိရပါတယ်။ မီးကြောင့် ဂဏန်းဒိုင်တွေလောင်သွားတယ်လို့ လပွတ္တာဒေသခံတွေရဲ့ ဖေ့ဘွတ် စာမျက်နှာတွေမှာ ရေးထားကြတာတွေ့ရပြီး၊ ခန့်မှန်းချက်အရ အိမ်ခြေ ၁၅၀ ကျော် မီးထဲပါသွားတယ်လို့ သိရပါတယ်။
လပွတ္တာမြို့က မီးလောင်မှုအခြေအနေနဲ့ ပတ်သက်လို့ အဲဒီမြို့ကိုရောက်နေတဲ့ တောင်သူလယ်သမားများ အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုဇော်ရမ်းက RFA ကိုပြောပါတယ်။
"ည ၇ နာရီ ၄၅ ကနေလောင်တာ မနက် ၁ နာရီ ၁၅ မိနစ်လောက်မှ မီးညွန့်ကျိုးသွားတယ်၊ လပွတ္တာ ၅ ရပ်ကွက်အလယ်က စားသောက်ဆိုင်ကနေ စလောင်တယ်လို့ပြောတယ်၊ လပွတ္တာက မီးသတ်ကား ကလည်း နည်းတယ်လေ၊ နောက်မြို့ကလည်း အစွန်ကျတဲ့အခါကျတော့ မြောင်းမြတစ်ခုကပဲ မီးသတ်ကားတွေ လာတာတွေ့ရတယ်၊ မထိန်းနိုင်ဘူး"
လပွတ္တာမြို့မှာ မီးသတ်ကား အလုံအလောက်မရှိတာအပြင် မီးသတ်စနစ်အားနည်းတာ၊ ရေအခက်အခဲရှိတာတွေ အတွက် အခုလောက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
လပွတ္တာမြို့ဟာ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံခဲ့ရတဲ့မြို့ဖြစ်ပါတယ်။









