အများကန့်ကွက်နေတဲ့ သယံဇာတ ထုတ်ယူမှုများ ပြန်လည်စိစစ်မည်


2016-03-21
Share
myitsone-dam-620.jpg ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းခြင်း ၄ နှစ်မြောက် အခမ်းအနားကို မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာမှာ ၂ဝ၁၅ ခုနှစ် အောက်တို ဘာလ ၁ဝ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: Kyaw Myo Min/RFA

ပြည်သူအများ ကန့်ကွက်မူတွေရှိနေတဲ့ ပြည်တွင်းသယံဇာတတွေ ထုတ်ယူတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အသေး စိတ်ပြန်လည်စိစစ်တာတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြည်သ့ူလွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ဦးစိုးသူရထွန်းက ပြောကြားလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ ယာယီရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို အစိုးရသစ်လက်ထက်မှာ ပြန်လည် စတင်နိုင်ဖို့ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဘေဂျင်းမြို့မှာ သတင်းထောက်တွေကို မကြာသေးခင်ကာလက ထုတ်ဖေါ်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီဥက္ကဌ ဦးစိုးသူရထွန်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကောင်းကျိုး ဆိုးကျိုး ဘာတွေရှိသလဲဆိုတာကို ကျနော်တို့အသေးစိတ် စိစစ်ရမှာပဲဖြစ်ပါတယ်၊ တစ်ဘက်က လည်း အဲ့လိုစိစစ်တဲ့အချိန်မှာ လူအများစုရဲ့ ဆန္ဒကိုလည်း မျက်ခြေမပြတ်ကြည့်ရမှာဖြစ်ပါတယ်၊ နောက်ထပ် ရှုထောင့်တစ်ခုကကျတော့ စာချုပ်စာတမ်းတွေကရှိတယ်၊ ကျနော်တို့ကလည်း နိုင်ငံတကာ ဒီမိုကရေစီ အစိုး ရကောင်းတစ်ခု ဖြစ်ချင်တဲ့အခါမှာ အရင်အစိုးရက ချုပ်ခဲ့တဲ့စာချုပ်တွေကိုလည်း လက်ခံပြီးကြည့်ရမှာဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီစာချုပ်တွေကို အခုထက်ထိလည်း မမြင်ရသေးဘူးပေါ့လေ၊ ကျနောတို့ရဲ့ ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရဖြစ်လာတဲ့အခါကျရင်တော့ ကျနော်တို့က ဒီစာချုပ်တွေကဘာတွေလဲ၊ ဘာတွေချုပ်ဆိုထားတာလဲဆိုတာကို အသေးစိတ်ပြန်စစ်ဆေးပြီးတော့ ဒီအပေါ်မှာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီအောင် သယံဇာတတွေထုတ်ဖော်မှု တို့ အများအတွက် အကျိုးစီးပွားတွေအားလုံးနဲ့ နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားတွေ နှိုင်းယှဉ်ပြီးတော့ ကျနော်တို့ ပြန် စစ်ဆေးရမှာဖြစ်ပါတယ်"

တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက စီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့တာဖြစ်ပေမဲ့ နှစ်နိုင်ငံချုပ်ဆိုထားတဲ့စာချုပ်များ အသက်ဝင်စဲရှိတယ်လို့ ပြောပါတယ်။  ဦးစိုးသူရထွန်းက စီမံကိန်းများနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူများရဲ့ သဘောထားဟာ အရေးကြီးဆုံးဖြစ်ပြီး စီမံကိန်းတွေမှာ နိုင်ငံတကာစံနှုန်းတွေအရ အကောင်အထည်ဖေါ်မယ့် ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ပေးတာတွေကို အသေးစိတ်ပြန်လည်စိစစ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုစိစစ်ရာမှာ အများကန့်ကွက်မူတွေရှိနေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း၊ ဖါးကန့် ကျောက်စိမ်း တွင်းဒေသ စတဲ့ဒေသများ အပါအဝင် ဒေသတော်တော်များများက အခြေအနေတွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ  ကော်မတီအနေနဲ့ မှတ်တမ်းတွေ စတင်ရယူနေပြီလို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီက ဆောင်ရွက်မယ့် အစီအစဉ်များနဲ့ ပတ်သက်ပြီး ကော်မတီဥက္ကဌ ဦးစိုးသူရထွန်းကို ဦးတင်အောင်ခိုင်က မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့