မွန်ပြည်သစ်နဲ့ လားဟူတို့ ၂၁ ပင်လုံ ကျင်းပနိုင်ရေး ဆက်လက်ဆွေးနွေးမည်

2018-02-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးက ခေါင်းဆောင်တွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်မှာတွေ့ရစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးက ခေါင်းဆောင်တွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်မှာတွေ့ရစဉ်
Photo: Zaw Htay Facebook

မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး ကျင်းပနိုင်ဖို့အတွက် စီစဉ်မယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး က ဒီနေ့ ပြောပါတယ်။

ဒါ့အပြင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကိုလည်း လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နောက်ပိုင်းမှာ ဆက်လက် ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး တို့ရဲ့ NCA လက်မှတ်ရေးထိုးပွဲကို နေပြည်တော်က MICC 2 ခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်။

အဲဒီအဖွဲ့ ၂ ဖွဲ့ကို လက်မှတ်ရေးထိုးပွဲ မတိုင်ခင် ၂ ရက် အလိုဖြစ်တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဒီကနေ့ ရက်စွဲနဲ့ မတရားအသင်းအဖြစ်ကနေ ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အရင်က ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ဇန်န၀ါရီလထဲမှာ ကျင်းပဖို့ လျာထားခဲ့ပေမယ့် မကျင်းပဖြစ်ခဲ့ဘဲ အခုလမှာ ကျင်းပဖို့ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရက်အတိအကျကိုတော့ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။

NCA စာချုပ်မှာ အရင်ဆုံး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကတော့ အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်ဖို့  ကျန်နေတဲ့  တိုင်းရင်းသားဒေသတွေမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခွင့်ပေးဖို့လည်း တောင်းဆိုထားတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့