လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ ကျင်းပ

လုံခြုံရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ နှစ်ဖက်သဘောထားအမြင်တွေကို စုစည်းကြတဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ရန်ကုန်မြို့ NRPC မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

NCA-S EAO နှင့် အစိုးရတို့၏ လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ကျင်းပစဉ်

လုံခြုံရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ နှစ်ဖက်သဘောထားအမြင်တွေကို စုစည်းကြတဲ့  လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ရန်ကုန်မြို့ NRPC မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးစေချင်တဲ့ နှစ်ဖက်သဘောထားအမြင်တွေကို ဆွေးနွေးခဲ့ကြတယ် လို့ အလွတ်သဘောတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောပါတယ်။

"ရလဒ်ကတော့ အဓိကကတော့ လုံခြုံရေးကဏ္ဍနဲ့တော့ နှစ်ဖက်အမြင်တွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တယ်။ လာမယ့် လုံခြုံရေးကဏ္ဍလုပ်ငန်းကော်မတီ အစည်းအဝေးအတွက်လည်းပဲ နှစ်ဖက်ဖြည့်ဆည်းချင်တဲ့ သဘော ထားအမြင်ချင်း ဖလှယ်နိုင်တယ်လေ၊ အဲဒါတွေပါပဲ"

လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ထည့်သွင်းဆွေးနွေးမယ့် လုံခြုံရေးနဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောခွင့်မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် UPDJC အတွင်းရေးမှူးအဖွဲ့ဝင်တွေလည်း ဒီနေ့ ညနေပိုင်းမှာ အလွတ်သဘောတွေ့ဆုံပြီး တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် နေ့ရက်အတိအကျ သတ်မှတ်နိုင်ဖို့ ညှိနှိုင်းကြ မှာဖြစ်ပါတယ်။ ညီလာခံကျင်းပမယ့် ရက်အတိအကျကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးမှာသာ ဆုံးဖြတ်မှာဖြစ်တယ်လို့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။

အစိုးရက တတိယအကြိမ် ၂၁ ရာစု ပင်လုံကို လာမယ့် ဇွန်လကုန်မှာစတင် ကျင်းပဖို့အဆိုပြုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ လာမယ့် ဇူလိုင်လ ၁ဝ ရက်နေ့မှာ ကျင်းပဖို့ တင်ပြထားတာဖြစ်ပါတယ်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားလူမျိုးစု အခွင့်အရေးနဲ့ဆိုင်တဲ့ ကိစ္စတွေ၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ရှိပေမယ့် အငြင်းပွားဖွယ် ထိရှနိုင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးမှာ မဟုတ်ဘူးလို့ တိုင်းရင်းသားခေါင်းဆာင်တွေက ပြောထားပါတယ်။