NCCT ခေါင်းဆောင်တွေ ၈၈ အဖွဲ့နဲ့ တွေ့ဆုံ

2014-08-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ Green Hill Hotel မှာ သြဂုတ်လ ၁၉ ရက်နေ့က NCCT နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ တွေ့ဆုံစဉ်
ရန်ကုန်မြို့ Green Hill Hotel မှာ သြဂုတ်လ ၁၉ ရက်နေ့က NCCT နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ တွေ့ဆုံစဉ်
Photo: The 88 Generation Peace and Open Society

တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် စနစ်တည်ဆောက်ရေးကို အစိုးရက သဘောတူ လိုက်တဲ့အတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့  နီးစပ်လာပြီလို့ ယုံကြည်ကြောင်း တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ က ပြောပါတယ်။

ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက တိုင်းရင်း သားရေးရာနဲ့ ငြိမ်းချမ်းရေးတာဝန်ခံ ဦးမြအေးက အခုလိုပြောပါတယ်။

"အခုလ ဒီဆွေးနွေးပွဲတွေမှာ ပေါ်လစီပိုင်းတွေ အလွဲနည်းသွားပြီ၊ ကျဉ်းသွားပြီပေါ့ဗျာ၊ အစိုးရနဲ့ လက်နက်ကိုင်များနဲ့က အချက်အလက်ပိုင်းဆိုင်ရာမှာ ညှိနှိုင်းဖို့ကိစ္စတွေ ကျန်နေသေးတယ်လို့ ကျနော်တို့မြင်ပါတယ်၊ ဒီအချက်အလက်ပိုင်းဆိုင်ရာ ညှိနှိုင်းဖို့ဟာတော့ ပေါ်လစီအလွဲလောက်တော့ မကြီးမားတော့ဘူးလို့ မြင်တဲ့အတွက် ကျနော်ထင်တယ် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်မှာပါ၊ ဥပမာအားဖြင့်ဗျာ ဖက်ဒရယ်ကို အစိုးရလက်ခံမယ်ဆိုလို့ရှိရင် ကျနော်တို့ အလုပ်လုပ်လို့ရပြီဗျာ၊ တဆင့်ချင်းတဆင့်ချင်း တိုင်းရင်းသားတွေ တန်းတူညီမျှအခွင့်အရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားဖို့ဆိုလိုတာပါ၊ အဲ့ဒါ ပေါ်လစီပိုင်း ဆိုင်ရာ အလွဲနည်းသွားပြီ"

ဒီနေ့တွေ့ဆုံပွဲမှာ ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့ NCCT ခေါင်းဆောင်တွေက အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေအကြား တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့နဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆို ပြီးနောက် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

NCCT ခေါင်းဆောင်တွေဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ၁၇ရက်နေ့အထိ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ NCCT ခေါင်းဆောင်တွေဟာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေးတာဝန်ခံ ဦးမြအေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

RFA please be careful. Why why did you use the word NCCT leaders. They are only the representative of Ethnics arms group, only for ceasefire negotiation. NCCT is not the organization. It is only TEAM. 88 Ko Mya Aye told only NCCT team. Why RFA used NCCT leaders.

Aug 20, 2014 03:54 AM

အမည်မဖော်လိုသူ

How can be the NCCT Leader? They are only the representative of Ethnics arms groups for preparation of ceasefire peace talk.

Aug 20, 2014 03:44 AM

ဆိုက်တခုလုံးသို့