အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဖျက်သိမ်း

မြန်မာ့ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀) ကျော် ဆောင်ရွက်လာခဲ့တဲ့ အဝေးရောက် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း လက်မှတ်ရေးထိုးပြီး ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

2012.09.13
dr-sein-win-b305 အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲ တစ်ခုတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မိန့်ခွန်း ပြောကြားနေစဉ်။
RFA

ပြောင်းလဲဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေတွေအရ အခုလို ဖျက်သိမ်းလိုက်တာ ဖြစ်ကြောင်း ဒေါက်တာ စိန်ဝင်းက RFA ကို ပြောကြားပါတယ်။

"တစ်အချက်ကတော့ နိုင်ငံရေး အခင်းအကျင်းလည်း ပြောင်းသွားတယ်။ အခြေအနေလည်း ပြောင်းသွားတယ်။ လုပ်ငန်းတွေလည်း ပြောင်းသွားတယ်။ ဥပမာဆိုရင် NLD က တရားဝင်ပါတီ ဖြစ်လာတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တချို့က ပါလီမန်မှာ ထိုင်နေကြပြီဆိုတော့ နိုင်ငံရေး အခင်းအကျင်း ပုံစံအပြောင်းအလွှဲက အရင်တုန်းကနဲ့ မတူတော့ဘူး။ ကျွန်တော်တို့အနေနဲ့ စင်ပြိုင်အစိုးရဆိုတဲ့ နာမည်သုံးပြီး ဒီလိုသွားလို့ မသင့်တော့ဘူးလို့ ကျွန်တော်တို့ မြင်လို့ပါ"

မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုတွေဟာ အမျိုးသား ညွန့်ပေါင်းအစိုးရက မျှော်မှန်းဆောင်ရွက်နေတဲ့ အခြေအနေမျိုးတွေ မရှိသေးပေမဲ့လည်း နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဌမှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်တိုင် ပြန်လည်မှတ်ပုံတင် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်တွင်းဝင်ရောက် ဆောင်ရွက်နေပြီ ဖြစ်တာကတစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်တွင်းနိုင်ငံရေး ဦးဆောင်သူတွေ ကိုယ်တိုင် နိုင်ငံတကာ နယ်ပယ်အထိ သွားလာလှုပ်ရှား လာနိုင်ပြီဖြစ်တာက တစ်ကြောင်း၊ ဒါ့အပြင် နယ်စပ် အခြေစိုက် အင်အားစုတွေ အနေနဲ့လည်း မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက် လှုပ်ရှားနိုင်ရေး ကြိုးပမ်းနေကြပြီ ဖြစ်တာက တစ်ကြောင်း စတဲ့ အကြောင်းကြောင်းတွေကို ထောက်ရှု့ပြီး ပြောင်းလဲလာတဲ့ အခြေအနေနဲ့အညီ အခုလို ဖျက်သိမ်းလိုက်တာ ဖြစ်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ (NCGUB) ရဲ့ နောက်ဆုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရကို ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကရင်တော်လှန်ရေး ဌာနချုပ် မာနယ်ပလောမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဆိုတဲ့ နိုင်ငံရေး ဦးတည်ချက်နဲ့ လှုပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။ (၂၂) နှစ်တာ ကာလအတွင်း မြန်မာ့ဒီ မိုကရေစီ အရေးကို နိုင်ငံတကာက ကူညီလာအောင် စစ်အစိုးရကို ဖိအားတွေ ပေးလာအောင် အဓိက ဆောင်ရွက်ခဲ့ပါတယ်။

(NCGUB) ကို အစစအရာရာ ပံ့ပိုးကူညီ လက်တွဲလုပ်ဆောင်ခဲ့တဲ့ တိုင်းရင်းသား အင်အားစုတွေ၊ အထူးသဖြင့် KNU ကရင်အမျိုးသား အစည်းအရုံးကို ကျေးဇူး အထူးတင်ရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လုပ်ကိုင်ဆောင်ရွက်ခဲ့စဉ်အတွင်း လိုအပ်ချက်၊ မှားယွင်းချက်များ အတွက်လည်း ခွှင့်လွှတ် နားလည်ပေးကြဖို့ မေတ္တာရပ်ခံထားပြီး တာဝန် ထမ်းဆောင်ခဲ့ရင်း အသက်ပေးသွားခဲ့ရသူတွေ၊ ထောင်တန်း ကျခံခဲ့ရသူတွေ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များအားလုံး၊ သတင်းဌာနများနဲ့ ကူညီပံ့ပိုးခဲ့သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒေါက်တာစိန်ဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။