ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး NDF ဆွေးနွေး


2013.07.06

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ပါတီက တာဝန်ရှိသူတွေဟာ ရန်ကုန်မြို့မှာရှိတဲ့ NDF ပါတီ ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက  ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ NDF ပါတီ ဥက္ကဌ ဒေါက်တာသန်းငြိမ်းက RFA ကို ပြောပါတယ်။

"ဒီအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဆိုတာကတော့ ကျနော်တို့ပါတီစပြီးတော့ မထောင်ခင်ကတည်းက ကျနော်တို့ပြောတဲ့အထဲမှာလည်း ရည်ရွယ်ချက်ရှိပြီးသားပါ၊ တကယ်တမ်း ဒါကိုတင်ပြခဲ့အခါကျ တခြားပါတီက ဒါကိုအတည်ပြုတင်ပြတယ်လေ၊ သူတို့ဒါကိုဘယ်လိုပုံစံနဲ့ တင်ပြမလဲဆိုတာကို ကျနော်မသိဘူးလေ၊ ကျနော်တို့ကတော့ ဘယ်ဟာကဖြင့် သင့်တော်တယ်၊ ဘယ်ဟာကဖြင့် မသင့်တော်ဘူးဆိုတာကို ဆွေးနွေးသွားရမှာကိုး၊ အဲဒီအတွက် ကျနော်တို့က ပြင်ဆင်တဲ့သဘောပါ"

ယခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တင်ပြဆွေးနွေးလာရင် အမျိုးသားဒီမိုကအင်အားစုပါတီကိုယ်စား စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ဝင်ရောက်ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ သဘောထားတွေကို  ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာ အတည်ပြုချက်ရယူပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။