ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲဆောင်ရွက်လိုကြောင်း NDF ပြောဆို
2010.11.15
စစ်အစိုးရက ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ၏ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်း သြဂုတ်လ ၁၉ ရက်နေ့က မန္တလေး ပါတီရုံး ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြား နေပုံ ဖြစ်ပါသည်။ (Photo: AFP)
NDF ပါတီအနေနဲ့ မြန်မာပြည် ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပူးပေါင်း ဆောင်ရွက်လိုပါတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတာကို အမျိုးသား ဒီမိုကရေစီ အင်အားစုက လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့ ဒီမိုကရေစီ အင်အားစုများနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ပြောတာကိုလည်းပဲ အလေးအနက် ထောက်ခံပါတယ်။”
ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်တွဲ လုပ်ဆောင်မယ်လို့ မနေ့က NLD ရုံးချုပ်ရှေ့ မှာ လူထုကို ပြောကြားတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့အပေါ် ဝမ်းမြောက်ကြိုဆိုတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ရဲ့ ခေါင်းဆောင်အဖြစ် ခံယူထားတာကြောင့် သူနဲ့ တွေ့ခွင့်ရမယ်ဆိုပါက NDF ပါတီက တွေ့ဆုံဖို့ အဆင်သင့် ဖြစ်နေကြောင်းလည်း ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက် ညနေ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီ နာရီပိုင်းအလိုတုန်းကလည်း NDF ပါတီက ကိုယ်စားလှယ်လောင်း အများအပြား ဒေါ်အောင်ဆန်းစုကြည်ကို တွေ့နိုင်ဖို့ လာရောက် စောင့်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။









