ကိုဗစ်၁၉ မျိုးရိုးဗီဇပြောင်း ပိုးတွေ့ရှိသူတွေ မြန်မာနိုင်ငံမှာရှိလာနေလို့ ကျန်းမာရေးသတိနဲ့နေထိုင်ကြဖို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ကြေညာပါတယ်။ စုစုပေါင်း ၁၁ဦးတွေ့ရှိထားပြီး ကလေးမြို့မှာ တစ်ဦး၊ မြိတ်မြို့မှာ သုံးဦး၊ မန္တလေးမှာ လေးဦး၊ တမူးမြို့မှာ နှစ်ဦးနဲ့ ရန်ကုန်မြို့က ပြည်ပပြန် တစ်ဦးမှာတွေ့ရှိကြောင်း မြန်မာ့ရုပ်မြင်သံကြားမှာ မနေ့က ကြေညာပါတယ်။
တွေ့တဲ့ဗီဇပြောင်းပိုးက Alpha, Delta နဲ့ Kappa တို့ဖြစ်ပါတယ်။ ဒီပိုးတွေကို စတင်တွေ့ရှိတဲ့ နိုင်ငံတွေက အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာ ဖြစ်ပါတယ်။
အခုတွေ့ရှိတဲ့ ဗီဇပြောင်း ပိုးတွေဟာ ကူးစက်ပျံ့နှံ့မှု ပိုမြင့်ပြီး ရောဂါပြင်းထန်ပြီး သေဆုံးနိုင်ခြေပိုများတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အသိပေးထားပါတယ်။ မနေ့က ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၂၂၅ ယောက် ထပ်ပြီးတိုးလာလို့ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း တသိန်းလေးသောင်းခြောက်ထောင် ကျော်ရှိသွားပါပြီ။
အဲဒီအထဲက ဆေးရုံကဆင်းခွင့်ရသူ တသိန်းသုံးသောင်းသုံးထောင်ကျော်ရှိပါတယ်။ ကိုဗစ်ကြောင့်သေဆုံးသူ စုစုပေါင်းက မြန်မာနိုင်ငံမှာ ၃၂၄၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။