ဝန်ကြီး ၁၈ ဦး အမည်စာရင်း တင်သွင်း

နိုင်ငံတော်သမ္မတ ဦးထင်ကျော် တင်သွင်းတဲ့ ဝန်ကြီး ၁၈ ဦး စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီက လွှတ်တော်ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၆ ဦး ပါရှိပါတယ်။

အဲဒီစာရင်းထဲမှာ မွန်အမျိုးသားပါတီက ၁ ဦး၊ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦး၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ၁ ဦး၊ သူရဦးအောင်ကိုနဲ့ ပညာရှင် ၆ ဦးလည်း ပါဝင်ပါတယ်။

အရင်က ပြည်ထောင်စုဝန်ကြီးစာရင်းမှာ အမျိုးသမီးတွေ ပါမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုစာရင်း မှာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးသာ ပါရှိပါတယ်။

အတည်မပြုနိုင်သေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေး၊ ပညာရေး ၊ သမ္မတရုံး နဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ၄ ခုကို တာဝန်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စာရေးဆရာ ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာန၊ သူရဦးအောင်ကိုက သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ မွန်အမျိုးသားပါတီ ဒုတိယ ဥက္ကဌ နိုင်သက်လွင် က တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်သူက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနတွေဆိုပြီး လျာထားစာရင်းတွေ ထွက်ပေါ်နေပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြည်ထဲရေးဝန်ကြီး ဌာနနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှာ တာဝန်ယူမှာဖြစ်ပါတယ်။