မြေနုကျွန်းသတ်မှတ်တဲ့ ကိစ္စကို ဒေသခံတွေ ကန့်ကွက်


2017.05.08

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာက ဒေသခံတောင်သူရှစ်ရာကျော်ရဲ့ လယ်မြေဧက တစ်ထောင်ကျော်ကို တိုင်းဒေသကြီးအစိုးရက မြေနုကျွန်းအဖြစ် သတ်မှတ်လိုက်ထားတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဖို့ ပြင်ဆင်နေကြပါတယ်။

မြေနုကျွန်းအဖြစ်သတ်မှတ်တာကို ပယ်ဖျက်ပြီး ပုံစံ(၇ ) ချထားပေးဖို့အတွက် ဒေသခံတောင်သူတွေက လာမယ့် မေလ ၁၁ ရက် နေ့မှာ ဆန္ဒထုတ်ဖော်သွားဖို့ရှိတယ်လို့ ငါန်းမြာကြီးကျေးရွာသား ဦးစောနိုင် က ပြောပါတယ်။

"ဆန္ဒပြဖို့ တင်ပြထားပါပြီခင်ဗျ။ တောင်သူအားလုံး ၁၅၀၀ လောက်တော့ရှိမယ်ခင်ဗျ။ ဒီ ၁၁၄၄ ဧက ကို မြေရင့်အဖြစ် သတ်မှတ်ပြီးပုံစံ ၇ များ အမြန်ချပေးဖို့အရေးပါ။"

ပြီးခဲ့တဲ့၂၀၁၆ ခုနှစ် ဇွန်လမှာ  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန် ကြီး ဒေါက်တာစိုးသန်းက အဲဒီမြေ ၁၁၄၄ ဧကကို ကွင်းဆင်းလေ့လာတာမရှိဘဲ မြေနုကျွန်းမြေအဖြစ် ဒေသ အာဏာ ပိုင်တွေ တင်ပြတဲ့အတိုင်း သတ်မှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေနုကျွန်းအဖြစ် သတ်မှတ်လိုက်တဲ့အခါ ဒေသခံတောင်သူတွေအနေနဲ့ အတည်တကျစိုက်ပျိုးခွင့်မရဘဲ ဒေသအာ ဏာပိုင်တွေက နှစ်စဉ်အလှည့် ကျချထားပေးတဲ့နေရာမှာပဲ လုပ်ကိုင်ရမယ့်အနေအထားဖြစ်လာပြီး အဲဒီ အခြေ အနေကို ဒေသခံတောင်သူတွေဘက်က မလိုလားဘူးလို့ ပြောပါတယ်။

မြေနုကျွန်းအဖြစ် သတ်မှတ်လိုက်တာကို ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ဒေသခံတောင်သူ ၂၆ ဦးကို အစိုးရ က ကျူးကျော်လုပ်ကိုင်မှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃ တို့နဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ တရားစွဲဆို ထားပြီး အဲဒီအမှုတွေကို ပယ်ဖျက်ပေးဖို့လည်း တောင်ဆိုသွားမယ်လို့ ပြောပါတယ်။

မြေနုကျွန်းအဖြစ် သတ်မှတ်ခံထားရတဲ့ အဲဒီလယ်မြေဧက ၁၀၀၀ ကျော်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က စတင် ပြီး ဒေသခံတွေက ဘိုးဘွားစဉ်ဆက် ပဲမျိုးစုံ စိုက်ပျိုးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။