အသိမ်းခံ ခြံနဲ့လယ်များပြန် ရရေး ငွေဆောင်မြို့ ဒေသခံများ ဆန္ဒပြ


2015.05.25
ngwesaung-farmers-protest-305.jpg အုန်းခြံနဲ့ လယ်မြေတွေပြန်ရရေး မေလ ၂၅ ရက်နေ့ က ငွေဆောင်ဒေသခံတွေ ဆန္ဒပြကြစဉ်
Photo: Ko Hlwan Moe Facebook

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေအနီး တဝိုက်က သိမ်းဆည်းခံထားရတဲ့ အုန်းခြံနဲ့ လယ်မြေတွေ ပြန်လည်ရရှိဖို့အတွက် ဒေသခံ ၁၀၀ လောက်က ဒီနေ့ ငွေဆောင်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

အုန်းခြံနဲ့ လယ်မြေ ဧကစုစုပေါင်း ၈၀၀ နီးပါးကို ဟိုတယ်ဇုန်စီမံကိန်းအတွက်ဆိုပြီး လျော်ကြေးနဲ့ နစ်နာကြေးမပေးဘဲ သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ တောင်သူ ကိုဝေလင်းထွဋ် က ပြောပါတယ်။

"ကျနော်တို့ ငွေဆောင်ဒေသခံ တောင်သူ လယ်သမားများပိုင်သော အုန်းခြံ လယ်ယာမြေတွေ ကို နစ်နာကြေး လျော်ကြေးမပေးဘဲ အဓမ္မ သိမ်းဆည်းခြင်း ခံရတဲ့အတွက် သိမ်းဆည်းခံရတဲ့ အုန်းခြံနဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိဖို့ အတွက် အခုလို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်၊ ၂ဝဝဝ ခုနှစ်ကနေပြီးတော့ ဟိုတယ်ဇုန်စီမံကိန်း အတွက်ဆိုပြီးတော့ တောင်သူတွေပိုင်တဲ့ အုန်းခြံတွေအသိမ်းခံရတာ၊ ၃၁၅.၂ဝ ဧက လယ်ယာမြေဧကက ပုဇွန်ကန်အတွက်သိမ်းသွားတာ ဧက ၅ဝဝ လောက်ရှိမယ်၊ ဟိုတယ်ဇုန်နဲ့ပေါင်းမယ်ဆို ဧက ၈ဝဝ နီးပါးရှိမယ်"

လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်မှာ မြန်မာ့ ဦးပိုင်ကုမ္ပဏီက ဟိုတယ်ဇုန်စီမံကိန်းအတွက် သိမ်းဆည်းခဲ့တာဖြစ်ပြီး အဲဒီ့မြေနေရာတွေမှာ ဟိုတယ် ၂၁လုံး ဆောက်လုပ်ဖို့ မြေနေရာတွေ ချထားပေးတာဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ့ဟိုတယ် ၂၁လုံးထဲမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးတေဇ၊ ယုဇန ဦးဌေးမြင့်၊ သမ္မတအကြံပေးဟောင်း ဒေါက်တာ နေဇင်လတ်၊ ဦးဇော်ဇော် နဲ့ အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်တို့ ပိုင်တဲ့ ဟိုတယ်တွေ ပါဝင်ပါတယ်။

အုန်းခြံနဲ့ လယ်မြေတွေ သိမ်းဆည်းခံရပြီးနောက် ဒေသခံတောင်သူတွေဟာ စားဝတ်နေရေး ခက်ခဲနေတာကြောင့် ဟိုတယ်ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ကြသူတွေရှိသလို ကမ်းခြေမှာ ဈေးရောင်းချပြီး ရပ်တည်နေကြရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။