NLD က ကျောင်းသုံးပစ္စည်း သိန်းတရာဖိုး လှူဒါန်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာဒါန လုပ်ငန်းတွေကို ကူညီပံ့ပိုးတဲ့ အနေနဲ့ ပြည်ပက စေတနာရှင်တွေ ပေးပို့ လှူဒါန်းတဲ့ ကျောင်းသုံး ပစ္စည်းတွေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ပညာဒါနကျောင်းတွေကို မနေ့က လှူဒါန်းလိုက်ပြီလို့သိရပါတယ်။

2011.07.15
monastery_school_305 ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် သာသနာရေးကိစ္စများ ဆောင်ရွက်တော်မူရုံ သာမက ပရဟိတ စာသင်ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလေ့ ရှိပါသည်။ (Photo: AFP)
AFP

ခန့်မှန်းခြေ ကျပ်ငွေ သိန်းတရာကျော်ဖိုး ရှိတဲ့ ကျောင်းသုံး ပစ္စည်းတွေကို လှူဒါန်းလိုက်တာ ဖြစ်ကြောင်း၊ ကွန်ပါဘူး တထောင်၊ ဘောပင် ၂ ထောင်၊ ဗလာစာအုပ် ဒါဇင် ၂ ထောင် လှူဒါန်းလာရာမှာ ရောက်ပြီး ၂ ရက်အတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း တို့က ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဘုန်းတော်ကြီးကျောင်း အပါအဝင် မူလတန်း အလယ်တန်း ကျောင်းပေါင်း ၁၃ ကျောင်းကို ကျောင်းသား ဦးရေ အလိုက် ခွဲတန်းချပြီး ဖြန့်ပေးလိုက်ပြီလို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

စာရွက် အမျိုးအစားအလိုက် ဗလာ စာအုပ်ဈေး အစားစား ရှိပြီး တဒါဇင် ကျပ် ၄၀၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ဆိုပါတယ်။ ကွန်ပါဘူး တဘူးဆိုရင်လည်း နှစ်ထောင်ကျော် ဝန်းကျင် ရှိပြီး ဘောပင် တချောင်း ကျပ် ၄၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

ဒီလဆန်းပိုင်းမှာတင် ဘိုကလေး မြို့နယ် NLD က ဦးစီးပြီး ဧရာဝတီတိုင်း ဘိုကလေး မြို့နယ် ပေါင်းတည် ကျေးရွာ အုပ်စု အောက်မိုးညို ကျေးရွာမှာ ပညာဒါန အခမဲ့ မူလတန်းကျောင်း တကျောင်း ဖွင့်လှစ်ခဲ့ ပါတယ်။

ဒီအတောအတွင်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပ (၂) ရက်ကွက် မာဃလမ်းက ကျောင်းတာဝန်ခံ ဆရာဦးအေးမြင့်ရဲ့ ခြံအတွင်းမှာ ဆောက်လုပ်ထားတဲ့ အမေ့အိမ်ကျောင်းကို စည်ပင် နယ်မြေမှာ ဆောက်လုပ်ထားတယ် ဆိုပြီး အမြန်ဆုံး ဖျက်ပေးဖို့ စည်ပင်သာယာက မနေ့ ညနေပိုင်းမှာ အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဆရာဦးအေးမြင့် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။