ပြည်နယ်တွေမှာ ဝင်ရောက်ယှဉ် ပြိုင်ရတဲ့အကြောင်း ဒေါ်အောင် ဆန်းစုကြည် ရှင်း
2015.09.06
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ ကျောက်တိုင်ကွင်းမှာ စက်တင်လာလ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဆိုင်ရာတွေ ဟောပြောစဉ်
တိုင်းရင်းသားပြည်နယ်တွေရဲ့ လွှတ်တော်တွေမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ များများရှိမှ ပြည်ထောင် စုနိုင်ငံရေးကို ထိထိရောက်ရောက်ဆောင်ရွက် နိုင်မှာ ဖြစ်ကြောင်းနဲ့ ပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်တာဟာ ဒီမိုကရေစီနိုင်ငံရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပြည်နယ်တွေမှာ အန်အယ်လ်ဒီက ဝင်ရောက်ယှဉ်ပြိုင်မှာကို ဝေဖန်မှုတွေ ထွက်ပေါ်နေတာကြောင့် ဒေါ်အောင် ဆန်းစုကြည်က ဘာကြောင့် ဝင်ပြိုင်ရသလဲ ဆိုတာကို ဒီကနေ့ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့က ရွေးကောက်ပွဲဆိုင် ရာအသိပညာပေး ဟောပြောပွဲမှာ ပြောလိုက်တာဖြစ်ပါတယ်။
"ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တချို့တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ကျမတို့ဒီလို ယှဉ်ပြိုင်တာဟာ တိုင်းရင်းသားတွေနဲ့ ယှဉ်ပြိုင်တယ်ဆိုပြီးတော့ ကျမတို့ကိုဝေဖန်တာရှိပါတယ်၊ အဲ့တော့ ကျမတို့ကပြောပါမယ်၊ တိုင်းရင်းသားတွေနဲ့ ယှဉ်ပြိုင်ချင်လို့ ပြည်နယ်တွေ၊ တိုင်းတွေမှာ ယှဉ်ပြိုင်တာမဟုတ်ဘူး၊ ပြည်နယ်တွေ၊ တိုင်းတွေမှာတခြား အဓိကကျတဲ့ ဗဟိုမှာ အာဏာနေရာရထားတဲ့ ပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝင်ပြိုင်နေတာပဲ၊ ဒီတော့ ကျမတို့လည်း ဝင်ပြိုင်ရမယ်၊ မပြိုင်လို့မဖြစ်ဘူး၊ ဒါဟာ ဒီမိုကရေ စီနိုင်ငံရေးပဲ"
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့ အတွက် လာမယ့် ရွေးကောက်ပွဲဟာ အရေးကြီးကြောင်း၊ ဖက် ဒရယ်ဆိုတာဟာ ခွဲထွက်ရေးဆိုပြီး ပြောကြတာ မှားနေကြောင်း ဖက်ဒရယ်ဆိုတာ ဗဟိုအစိုးရနဲ့ တိုင်း၊ ပြည်နယ် အစိုးရတွေကြားထဲ အာဏာတွေကို ဖွဲ့စည်းပုံအရ ခွဲွဝေသုံးစွဲတာလို့ ယုံကြည်ကြရာမှာ ဖြစ်ကြောင်းလည်း ပြော ပါတယ်။
ဒါ့အပြင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတွေအနေနဲ့ မဲစာရင်းတွေမှာ မိမိတို့ရဲ့အမည်ပါ မပါ နဲ့ မှန်ကန်မှု ရှိ မရှိစစ်ဆေး ကြဖို့ကိုလည်း တိုက်တွန်းပြောကြားလိုက်သလို မဲပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
ဒီ ဟောပြောပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ခွန်ရာဇာက ဟိုပုံးမြို့ကနေ သတင်းပေးပို့ထားပြီး မဝေမာထွန်းက ကောက်နှုတ် တင်ပြထားပါတယ်။









