မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး NLD ကူညီမည်


2015.03.26

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိပြီး ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စာရင်းမှာ အမည်စာရင်းမပါသူတွေကို ကူညီနိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

NLD မဲစာရင်း စိစစ်ရေးအဖွဲ့က ဥပဒေနဲ့အညီ မဲပေးခွင့်ရအောင် ကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"ကျနော်တို့ကပေါ့ အခြေခံမဲစာရင်းမှာ သူမပါဘူး၊ သူဘာကြောင့်မပါတာလဲ၊ ကျနော်ရွှေ့ပြောင်းလာလို့မပါတာပါ၊ ဘာကြောင့်မပါတာလဲ၊ ဒါကိုကြည့်ပြီးတော့ ကျနော်တို့က ဥပဒေနဲ့ညီသွားအောင်လုပ်ပေးမှာပါ၊ တချို့နေရာမှာ လည်း ကွင်းဆင်းပြီးကြည့်ရမှာလည်း ပါတာပေါ့ဗျာ၊ တချို့ကပြည်သူလူထုကို လက်ကမ်းစာစောင်တွေ ကမ်းထား ပါတယ်၊ မဲစာရင်းထဲမှာပါဖို့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆက်သွယ်ပါဆိုပြီး လက်ကမ်းစာစောင်တွေ ရှိပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လာပြီးတော့ဆက်သွယ်တဲ့ဥစ္စာတွေကို သူတို့ရဲ့မဲစာရင်းတွေကို ကျနော်တို့ပြန်ပြီးတော့ စိစစ်မှာပါ၊ စိစစ်ပြီးတော့ အမည်ပါလာခွင့်ရှိသူကို အမည်ပါလာအောင်လုပ်ပေးမှာပါ"

အဲဒီ မဲစာရင်း စိစစ်ရေးအဖွဲ့တွေကို မြို့နယ်တိုင်းမှာ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမယ့်အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဆိပ်ကြီးခနောင်တို၊ ဆိမ်ကမ်း၊ ဒဂုံ၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်နဲ့ ကမာရွတ်မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းတွေကို ဒီလ ၃၀ရက်နေ့ကစပြီး ဧပြီလ ၁၂ ရက်နေ့အထိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ တိုင်းရွေးကောက်ပွဲကော်မရှင်မှာ ကြေညာ ထားတာ ဖြစ်ပါတယ်။

ကျန်တဲ့ မြို့နယ်တွေက မဲပေးခွင့်ရှိသူစာရင်းတွေကိုလည်း ဧပြီလကုန်ကစပြီး ဆက်လက်ထုတ်ပြန်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။