ဆွီဒင် အလုပ်သမားသမဂ္ဂ NLD နဲ့ ဆွေးနွေး

လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေဖွဲ့စည်းဖို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို ဆွီဒင်နိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့နှစ်ဖွဲ့က ဒီနေ့ လာရောက် လေ့လာ ဆွေးနွေးခဲ့ကြတယ်လို့သိရ ပါတယ်။

2011.08.23

ဆွီဒင် အလုပ်သမား အဖွဲ့တွေဟာ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ အလုပ်သမားရေးရာ ဆောင်ရွက်နေသူတွေကို အဖွဲ့ချုပ်ရုံးမှာ တွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဆွီဒင်နိုင်ငံ အလုပ်သမား သမဂ္ဂ နှစ်ခုက တာဝန်ရှိသူနဲ့ အဖွဲ့တို့ဟာ ဒီနေ့ အဖွဲ့ချုပ်ကို ရောက်လာပြီးတော့ ဒုတိယ ဥက္ကဌ ဦးတင်ဦးရယ်၊ ဗဟို အလုပ်အမှုဆောင် တွေရယ်၊ ဗဟို အလုပ်သမားရေးရာ တာဝန်ရှိတဲ့ ဦးကျော်မြင့် ပြီးတော့ အိုင်အဲလ်အိုနဲ့ ဆက်သွယ် ဆောင်ရွက်နေတဲ့ ဦးသက်ဝေတို့နဲ့ တွေ့ဆုံပါတယ်”

ဒီလို တွေ့ဆုံရာမှာ ဆွီဒင်နိုင်ငံ အလုပ်သမား သမဂ္ဂတွေရဲ့ အတွေ့အကြုံတွေကို ရှင်းပြပြီး မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်း ဖြစ်ပေါ်လာရေး အခြေအနေတွေကို မေးမြန်းတယ်လို့ ဆိုပါတယ်။

“ဒုတိယဥက္ကဌ ဦးတင်ဦးက အဖွဲ့ချုပ်က အလုပ်သမားရေးရာ အဖွဲ့နဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ကြိုးပမ်း ဖွဲ့စည်းဖို့ စီစဉ်နေတဲ့ အကြောင်းကို ရှင်းပြပါတယ်။ တခါ အလုပ်သမား အခြေအနေတွေနဲ့ ပတ်သက် တာကိုလည်း တင်ပြပါတယ်။ ပြီးတော့ စက်မှုဇုံ နယ်ပယ် အသီးသီးကနေ အန်အဲလ်ဒီကို ရောက်လာတဲ့ အလုပ်သမား အဖွဲ့ဝင် ၁၅ ဦး တို့နဲ့လည်း ကျနော်တို့ အဖွဲ့ချုပ်မှာပဲ တွေ့ပါတယ်”

အဲဒီ စက်မှုဇုံက အလုပ်သမားတွေရဲ့ အခြေအနေကို ဆွီဒင်နိုင်ငံက အလုပ်သမားသမဂ္ဂ အဖွဲ့က မေးမြန်းတာကို အလုပ်သမားတွေက ပြန်လည် တင်ပြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီ အဖွဲ့ဟာ မနက်ပိုင်းမှာ NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင် နေထိုင်နေတဲ့ အိမ်သွားရောက်ပြီး ဆွေးနွေး ခဲ့တယ်လို့လည်း ပြောပါတယ်။ ဆွီဒင်အဖွဲ့ဟာ အလုပ်သမားရေးရာ ကိစ္စရပ်တွေကိုပဲ အဓိကထား ဆွေးနွေးတယ်လို့ ဆိုပါတယ်။

ဒီနေ့ လာရောက်ဆွေးနွေးတဲ့ IF Metal အလုပ်သမားအဖွဲ့ဟာ စက်မှု အလုပ်သမားများ သမဂ္ဂနဲ့ ဆွီဒင် သတ္တုလုပ်ငန်း ဆိုင်ရာ အလုပ်သမားများ သမဂ္ဂကို ပေါင်းစည်း ဖွဲ့ထားတဲ့ အဖွဲ့ကြီးတခု ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံတဝန်းက အလုပ်ဌာန တသောင်း သုံးထောင် ကျော်က အလုပ်သမား လေးသိန်းကျော်ဟာ IF Metal အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ အဖွဲ့ အင်တာနက် ဝဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။