အစိုးရဖွဲ့စည်းရေး NLD ခေါင်းဆောင်တွေ ဆွေးနွေး


2016.03.06
nyanwin-nld-620.jpg ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးပွဲ တက်ရောက်လာတဲ့ ဦးဉာဏ်ဝင်းကို မတ်လ ၆ ရက်နေ့က နေပြည်တော်ရှိ နှင်းဆီ စံအိမ်တွင် တွေ့ရစဉ်
Photo: Myo Thant Khaing/ RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့ ကျင်းပခဲ့ရာမှာ နိုင်ငံတော်သမ္မတ အမည်စာရင်းနဲ့ အစိုးရအဖွဲ့ဝင်အမည် စာရင်းတွေကို ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။

ဒီကနေ့ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းအဝေးမှာ အစိုးရသစ် အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"အစည်းအဝေးမှာ ပထမဆုံးပြောစရာတစ်ခုပဲရှိတယ်၊ ကျနော်တို့ အာဏာလွှဲပြောင်းရေးကို ပြည်သူ့ လွှတ်တော်မှာလုပ်မယ်၊ သမ္မတကိစ္စတွေ၊ ဘာတွေ ကတော့ ပြောစရာဘာမှမပါဘူး၊ ဆွေးနွေးတာတွေက အများကြီးပါ၊ လာမယ့်အစိုးရသစ်မှာ လုပ်မယ့်အလုပ်တွေ ဆွေးနွေးတယ်၊ ဆုံးဖြတ်ချက်တစ်ခုမှ မရှိပါဘူး၊ ၃၁ ရက် မလွှဲသေးခင် သူတို့လက်ထဲမှာ ရှိမှာပေါ့၊ ၃၁ ရက်လွှဲပြီးရင် ဒီဘက်ကိုရောက်မှာပေါ့"

လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်မှာ လက်ရှိ အစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်တို့ အာဏာလွှဲပြောင်းရယူ ကြမှာဖြစ်ပါတယ်။

ဒီနေ့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးစလုံး တက်ရောက်ကြပါတယ်။

ရှေ့လာမယ့် အစိုးရသစ်မှာ လုပ်ဆောင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အကြောင်းအရာအတော် များများကို ဆွေးနွေးဖြစ်တယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသစ်လက်ထက် ပထမရက်ပေါင်း တစ်ရာအတွင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ NLD စီးပွားရေး ကော်မတီအဖွဲ့ဝင် ဦးကျော်ဝင်းကို RFA ဝိုင်းတော်သူ မခင်ခင်အိက ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။