NLD ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တချို့လွှတ်တော်ရေးရာကော် မတီတာဝန်တွေကနေ ဖယ်ရှားခံရ


2016.11.28
winmyint-620.jpg ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ကို ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Pyithu Hluttaw

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးစိန်ဝင်း၊ ဦးဉာဏ်လင်း၊ ဒေါက် တာစိုးမိုးသူနဲ့ ဦးအောင်လှိုင်ဝင်းတို့ကို လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေမှာ ပေးအပ်ထားတဲ့ တာဝန် အသီးသီးကနေ ဖယ်ရှားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်ကဖွဲ့စည်းထားတဲ့ ကော်မတီတာဝန်အသီးသီးကနေ ဖယ်ရှား ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ရွှေ့ပြောင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် စီးပွားရေးနဲ့ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်ဖြစ်တဲ့ မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက လွှတ်တော်မှာ သူဆွေးနွေးတဲ့ တချို့အကြောင်းအရာတွေကို ပါတီလူကြီးတွေက မကြိုက်တဲ့အတွက် အခုလို အရေးယူခံရတာဖြစ်တယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတကာကရယူမယ့် ချေးငွေကိစ္စ ဆွေးနွေး ရာမှာ အစိုးရကို အကျပ်အတည်းဖြစ်အောင် လုပ်တယ်ဆိုပြီး ပါတီလူကြီးတွေက ပြောဆိုကြောင်းနဲ့ အရင် ကလည်း ခေါ်ယူသတိပေးခံရတာမျိုးရှိကြောင်းလည်း ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီဥက္ကဌ ဦးစိန်ဝင်း၊ အဖွဲ့ဝင် ဒေါက်တာစိုးမိုးသူ၊ ကျန်းမာရေးနဲ့ အားကစား ဖံ့ွဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာအောင်ခင် အပါအဝင် ၅ ဦးကို ကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေအဖြစ်ကနေ ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ ဒေါက်တာအောင်ခင် ကိုတော့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဌအဖြစ် တာဝန် လွှဲပြောင်းပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အရင်က အဲဒီကော်မရှင် ဒုတိယဥက္ကဌအဖြစ် ဦးကိုကိုနိုင်က တာဝန်ယူထားတာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်က ဦးကိုကိုနိုင် ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ကော်မရှင်ရုံးက ပယ်ဖျက်လိုက်တဲ့အတွက် အဲဒီနေရာမှာ ဒေါက် တာအောင်ခင် ကို အစားထိုးခန့်အပ်မှာဖြစ်ပါတယ်။

ကျန်တဲ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီဘက်က အရေးယူရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး ပြောဆို တာမရှိပေမယ့် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ အပေါ် လူမှုရေးကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေ ပျံ့နှံနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းဟာ ရွှေပြည်သာ မိုတယ် မှာ ပြဿနာဖြစ်ပွားပြီး မိုတယ် မန်နေဂျာက ဆဲဆိုမှု၊ ခြိမ်းခြောက်မှုတွေနဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

ပါတီက အရေးယူခံထားရသူ နောက်တစ်ဦးဖြစ်တဲ့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက မအူပင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁ ဦး အပါအဝင် ပါတီဝင် ၂ ဦးကို အမှုဖွင့်လိုက်တာနဲ့ ပတ်သက်ပြီး ပါတီကို အကြောင်းကြားစာ မပို့ခဲ့တဲ့အတွက် အရေးယူတာဖြစ်ပါတယ်။

ဦးစိန်ဝင်းဟာ မအူပင်မြို့နယ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဒေါက်တာစိုးမိုးသူဟာ NLD ပါတီ လူငယ်တာဝန်ခံ၊ ဦးဉာဏ်လင်းဟာ ရွှေပြည်သာမြို့နယ် NLD ပါတီ အတွင်းရေးမှုး တာဝန်တွေကို ပါတီက ရုပ်သိမ်းထားတာဖြစ်ပါတယ်။ သူတို့အားလုံးဟာ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်အဖြစ် ဆက်လက် ရှိနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။