သံဖြူဇရပ်မဲဆန္ဒနယ်မှာ NLD နဲ့ MUP ယှဉ်ပြိုင်မှုပြင်းထန်

မင်းခိုင်စိုးလင်း
2020.10.26

ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ NLD နဲ့ USDP ပါတီ အင်အားကြီး ပါတီနှစ်ခုက အပြိုင်အဆိုင် အားပြိုင်ခဲ့ကြပေမယ့် ဒီနှစ်ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ မွန်ညီညွတ်ရေးပါတီ MUP တို့အကြား အားပြိုင်မှု ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ကိုယ်စားလှယ်လောင်း ဦးဉာဏ်ဟိန်း ကတော့ ဒီနှစ်အထွေထွေရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီ MUPနဲ့ ပြိုင်ဘက်ဖြစ်နေတယ်လို့ ပြောပါတယ်။

“ဦးဉာဏ်တို့ NLD က အားပြိုင်တာက မွန်ညီညွတ်ရေးပါတီလို့ သတ်မှတ်တယ်။ MUP က MUP မှမဟုတ်ဘူး။ တခြားတိုင်းနဲ့ပြည်နယ်လည်း ကြည့်ရင် တိုင်းရင်းသားပါတီတွေရဲ့အားက ၂၀၁၅ ထက်စာရင် ပိုပြီးတော့ ကောင်းလာတယ်။ ဦးဉာဏ်သုံးသပ်ကြည့်တော့ အဲလိုကောင်းလာတော့ အလုပ်ကိုလုပ်ရတော့မယ်။ တကယ့်အားပြိုင်တာကတော့ ဒီနှစ်ပါတီပဲလို့ ယူဆတယ်”

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ တိုင်းရင်းသားပါတီတွေကို ဝန်းရံထောက်ခံအားပေးတာတွေ အားကောင်းလာတဲ့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့အဓိကပြိုင်ဘက်က ကြံ့ခိုင်ရေးပါတီ တစ်ခုတည်းမဟုတ်တော့ဘဲ ဒေသအခြေစိုက် တိုင်းရင်းသားပါတီတွေ ဖြစ်လာပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDရဲ့ မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မြတ်သီတာထွန်းက ရွေးကောက်ပွဲ အောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

“ကျွန်မတို့ကတော့ အဓိကတော့ ပြည်သူလူထုကို ဗဟိုပြုတယ်ပေါ့နော်၊ ပြည်သူကို အခြေပြုတဲ့ ပါတီ ဖြစ်တယ်။ ကျွန်မတို့ပါတီက လူမျိုးတစ်မျိုးတည်း ဒေသတစ်ခုတည်းကို အခြေပြုတဲ့ပါတီမဟုတ်ဘူး။ ပြည်သူလူထုဆိုတဲ့ဆီမှာ လူမျိုး၊ တိုင်းရင်းသားပေါင်းစုံ အားလုံးပါတယ်။ ပြည်သူလူထုကို အခြေပြုတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ကို ယုံကြည်ပြီးတော့ ကျွန်မတို့ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ အောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”


ကိုဗစ်ကာလအတွင်း မွန်ပြည်နယ်မှာ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေရှိနေပေမယ့် သံဖြူဇရပ် မြို့နယ်က အဲဒီအမိန့် အကျုံးမဝင်တဲ့အတွက် နိုင်ငံရေးပါတီတွေက အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်နိုင်ငံရေးပါတီ တစ်ခုတည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ်လွှတ်တော် တစ်နေရာ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာတွေမှာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်နိုင်ငံရေးပါတီတွေ အကွဲအပြဲကြားက ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာတော့ သံဖြူဇရပ်မြို့နယ်တစ်ခုလုံးဟာ NLD ပါတီအနိုင်ရရှိခဲ့ပြီး မွန်နိုင်ငံရေးပါတီတွေ ရှုံးနိမ့်ခဲ့တဲ့နေရာ ဖြစ်ခဲ့ပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာတော့ သံဖြူဇရပ်မြို့နယ်မှာ ဝန်းရံသူအင်အား အပြိုင်အဆိုင်နဲ့ မဲဆွယ်နေကြတာပါ။

မွန်ညီညွတ်ရေးပါတီရဲ့ အဓိက ပြိုင်ဘက်ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပဲလို့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးနိုင်ဦးကလည်း သုံးသပ်ပါတယ်။

“တစ်မြို့နယ်လုံးကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အဓိကပြိုင်ဘက်က NLD ဖြစ်မယ်လို့ ယူဆတာပေါ့လေ၊ အဲဒီတော့ ကျွန်တော်တို့ ခန့်မှန်းကြည့်တော့ ကျွန်တော်တို့ကိုထောက်ခံ၊ ဝန်ရံတဲ့အင်အားရဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုလို့ရှိရင် မွန်ပါတီက အားသာမယ်လို့ ယူဆရတာပေါ့”

သူကတော့ ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူပါ။

မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း နိုင်လယိတမက ၂၀၁၀ ရွေးကောက်ပွဲအတွေ့အကြုံအရ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှု ပိုများလာတဲ့အတွက် သံဖြူဇရပ်မြို့နယ်မှာ အနိုင်ရရှိမယ်လို့ ယုံကြည်ထားပါတယ်။

“ကျွန်တော်တို့ လက်ရှိအခြေအနေမှာ မွန်ပြည်သူတွေက မဲပေးဖို့ အဆင်သင့်ဖြစ်နေကြပြီး စိတ်ဓာတ် တွေလည်း တက်ကြွနေကြပြီး အားလုံးကလည်း ဝန်းရံနေကြပြီး အဲဒီတော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ NLD ကို အပြတ်ဖြတ်ပြီးတော့ လေးနေရာစလုံးကို နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်”

သံဖြူဇရပ်မြို့နယ်မှာ မဲပေးခွင့်ရှိသူ တစ်သိန်းလေးသောင်းကျော်ရှိပြီး မြို့နယ်မှာနေထိုင်တဲ့ လူဦးရေ စာရင်းတွေကတော့  မွန်လူမျိုး ၉၇၅၀၇ ဦး၊ ဗမာလူမျိုး ၅၅၀၆၆ ဦး၊ ကရင်လူမျိုး ၈၇၅၆ ဦးနဲ့ ကချင်၊ ရခိုင်၊ ပအိုဝ်း၊ ရှမ်းလူမျိုးတွေလည်း နေထိုင်ကြတယ်လို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ထားတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ သံဖြူဇရပ်မြို့နယ်ရဲ့ မဲရလဒ်ဟာ ၂၀၁၅ နဲ့ မတူတော့တဲ့ မဲရလဒ် အပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့ သံဖြူဇရပ်မြို့ခံ နိုင်ငံရေးလေ့လာသူ ဦးအောင်မိုးက သုံးသပ်ပါတယ်။

“လက်ရှိအနေအထားမှာ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာ နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲတဲ့ အနေအထားပေါ်မှာ ကြည့်တဲ့အခါကျတော့ ဒီဘက်က တိုင်းရင်းသားပါတီ စုဖွဲ့မှုကလည်း အားကောင်းလာတယ်။ ပြီးတော့ တိုင်းရင်းသားပါတီပေါ်မှာ တိုင်းရင်းသားတွေရဲ့ ယုံကြည်အားကိုးမှုကလည်း ပိုလာတယ်လို့ မြင်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါပေမဲ့ တိုင်းရင်းသားပါတီ အားကောင်းလာတယ်ဆိုပေမယ့်လည်း အကုန်လုံးတော့ လွှတ်တော်သုံးရပ်စလုံးတော့ ပါတီတစ်ခုတည်းပဲ အောင်နိုင်မယ်လို့ တွက်လို့မရဘူး။ အလာတူပဲ လက်ရှိ အနေအထားမှာလည်း NLDက အားကောင်းတုန်းပဲ။ ဒါပေမဲ့ အရင်လိုမျိုး ၂၀၁၅ လိုမျိုးတော့ လွှတ်တော် သုံးရပ်စလုံးမှာ ရာခိုင်နှုန်းအပြည့် ပါနိုင်မယ်လို့ တွက်လို မရနိုင်တော့ဘူး”

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။