ဖမ်းဆီးခံ NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း ကိုဗစ်ကူးစက်ခံရ

2021-07-11
Share
ဖမ်းဆီးခံ NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း ကိုဗစ်ကူးစက်ခံရ
NLD ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ရှေ့နေ ဦးဉာဏ်ဝင်း ကို ၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ရစဥ်

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ရှေ့နေ ဦးဉာဏ်ဝင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဆွေမျိုးနီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

ဦးဉာဏ်ဝင်းကို ရန်ကုန်မြို့ အင်းစိန်ထောင်မှာ စစ်ကောင်စီက ဖမ်းဆီးထားတာဖြစ်ပြီး အခု ကိုဗစ်ကူးစက် ခံထားရမို့ ဇူလိုင်လ ၁၁ရက် ညနေပိုင်းက ရန်ကုန်ဆေးရုံကြီးကို ဆေးကုသဖို့ ပြောင်းရွေ့ပေးလိုက်တယ်လို့ အဲဒီမိသားစုဆွေမျိုးက ပြောပါတယ်။ လက်ရှိ ရန်ကုန် ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူ နေရပြီး အသက်ရှူစက်တပ်ထားရတယ်လို့လည်းဆိုပါတယ်။

ရှေ့နေ ဦးဉာဏ်ဝင်းဟာ အသက် ၇၉ နှစ်ကျော်ပြီဖြစ်သလို ဆီးချိုရောဂါသည်တစ်ဦးလည်း ဖြစ်တာကြောင့် မိသားစုတွေက စိတ်ပူနေကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန် နံနက်အစောပိုင်းမှာ NLD ပါတီထိပ်ပိုင်းခေါင်းဆောင် တွေကို ဖမ်းဆီးချိန် ဦးဉာဏ်ဝင်းဟာလည်း ပုဇွန်တောင်မြို့နယ်က နေအိမ်မှာ အဖမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်ကြောရေးမှာ စစ်ဆေးခံရပြီး တစ်လလောက်အကြာမှာ အင်းစိန်ထောင်ကို ရောက်နေတယ်လို့ မိသားစုတွေ၊ အမှုလိုက်ရှေ့နေတွေက သတင်းရခဲ့တာဖြစ်ပါတယ်။

ဦးဉာဏ်ဝင်းနဲ့ အတူ NLD ထိပ်ပိုင်း ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးသိန်းဦး၊ ဒေါက်တာမျိုးညွှန့်၊ ဦးဟံသာမြင့်နဲ့ မုံရွာအောင်ရှင်တို့လည်း အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရပါတယ်။

ဦးဉာဏ်ဝင်းနဲ့အတူ ထောင်ထဲမှာ အတူနေတဲ့ NLD ပါတီဝင်တချို့လည်း ကိုဗစ်ကူးစက်ခံထားရတယ်လို့ ဦးဉာဏ်ဝင်းရဲ့ ဆွေမျိုးနီးစပ်သူဆီက သိရပေမယ့် NLD ပါတီက ဘယ်သူတွေဆိုတာကိုတော့ မသိရသေး ပါဘူး။

အင်းစိန်ထောင်မှာ ကိုဗစ်ပိုးကူးစက်မှုတွေ ထိန်းချုပ်ဖို့ ဇူလိုင်လ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အသွား အလာကန့်သတ်ပိတ်ပင်( lockdown) ချထားတယ်လို့ အကျဉ်းဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကျော် က RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့