ကျမ်းကျိန်ဆိုရမည့် စာသား သဘောတူညီချက် မရသေး
2012.04.20
ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး မှတ်ပုံတင်ရန်အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်က ရောက်ရှိလာစဉ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ဒီကနေ့ မနက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားခဲ့တာပါ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုရမယ့် ကိစ္စနဲ့ပတ်သက်ပြီး ဇယား (၄) ပါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ် (Uphold ) ဆိုတဲ့ စကားရပ်ဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတာဖြစ်ကြောင်း မနေ့က တွေ့ဆုံရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ခုံရုံးရဲ့ ဒီသဘောထားအပေါ် NLD ပါတီရော ဒေါ်အောင်ဆန်းစုကြည်ကပါ သဘောမတူညီတာတွေ ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုလွှာနဲ့ ပတ်သက်ပြီး NLD က အကြံပြုချက်တွေ ထပ်မံပြုစုနေပြီး ဒီအချက်တွေကို လောလောဆယ်မှာ ပြောကြားနိုင်ခြင်း မရှိသေးကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒီအကြံပြုချက်တွေကို မနက်ဖြန်မှာ အခြေခံဥပဒေခုံရုံးကို ထပ်မံ တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။
NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို အာအက်ဖ်အေက ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |









