တိုင်းလွှတ်တော်အစည်းအဝေး ကိစ္စ NLD ရုံးချုပ်မှာ ဆွေးနွေး


2016.02.06
nld-new-office-620.jpg ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တက်ရောက်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က NLD ရုံးချုပ်ရှေ့မှာ တွေ့ရစဉ်
ဓါတ်ပုံ - အောင်သိင်္ခ/RFA

လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တက်ရောက်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကို NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေက ဒီကနေ့ NLD ရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်မြို့ NLD ရုံးချုပ်မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြတာဖြစ်ကာ လွှတ်တော်လုပ်ငန်း ဆောင်တာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ ၈ ရက်နေ့ လွှတ်တော်ညီလာခံအတွက် အဆင်ပြေချောမွေ့အောင် ညှိနှိုင်းကြတဲ့သဘောပါ၊ ဘာတစ်ခုမှ ထူးထူးခြားခြား ဆုံးဖြတ်တာမရှိပါဘူး၊ အဆင်ပြေအောင်လို့ သူတို့နဲ့ညှိတဲ့သဘောပါ၊ မှာကြားတာတော့ အများကြီးပေါ့ လွှတ်တော်ထဲက လုပ်ငန်းစဉ်လေးတွေ၊ လွှတ်တော်လည်း လွှတ်တော်ယဉ်ကျေးမှုလေးတွေ ရှိတာပေါ့ဗျာ၊ ဒီလိုဟာတွေ နားလည်အောင် အတွေ့အကြုံရှိတဲ့လူတွေက ပြန်ရှင်းပြတာပေါ့ အဲ့ဒါပါ"

ဒီကနေ့ အစည်းအဝေးကို NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD နာယက သူရ ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၈၈ ဦးတို့ တက်ရောက်ကြမှာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တိုင်းဒေသကြီးအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံမှာ ဒီကနေ့ အစမ်းလေ့ကျင့်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။