NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်နိုင်မယ်လို့ မျှော်လင့်
2012.04.25
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များအား ရှင်းလင်းနေစဉ်။
NLD လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုရေးအတွက် အခြေခံဥပဒေ ဇယား ၄ ပါ စာသားကို ပြင်ဆင်ပေးဖို့ တင်ပြချက်ကို နိုင်ငံတော် သမ္မတအနေနဲ့ ဒီရက်ပိုင်းအတွင်း ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ခုလို ပြောဆိုရတာ ဖြစ်ကြောင်း NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ရောက်ခင် ကျမ်းသစ္စာ ကျိန်ဆိုရမဲ့အထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို " ကာကွယ်စောင့်ရှောက်ပါမည် " ဆိုတဲ့ စာသားကို NLD က သဘောမတူနိုင်တာကြောင့် " လေးစားလိုက်နာပါမည် " ဆိုတဲ့ စာသားနဲ့ ပြင်ဆင်ပေးဖို့ ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်တာကြောင့် အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။
ဒီစာသားကို ပြင်ဆင်ပြောင်းလဲ မပေးမချင်း ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ကို တက်ရောက်မှာ မဟုတ်ဘူးလို့ NLD ပါတီက ပြောကြားထားပါတယ်။









