မွန်ပြည်နယ်မှာ မဲဆွယ် ဆိုင်းဘုတ် အများအပြား ဖျက်ဆီးခံရ


2020.09.24
nld-party-campaign-signboard-destroyed-622.jpg မွန်ပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်ဆိုင်းဘုတ်တချို့ ဖျက်ဆီးခံရတာကို ၂၀၂၀ စက်တင်ဘာ ၂၁ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ- U Mya Than (Facebook) NLD ပါတီဝင်

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ရတဲ့ စက်တင်ဘာလအတွင်း မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP ပါတီ  ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တချို့ ဖျက်ဆီးခံရတာ၊ စိုက်ထူထားရာကနေ ပျောက်ဆုံးသွားတာတွေ ရှိနေပါတယ်။

မော်လမြိုင်၊ ရေး၊ ပေါင်၊ သံဖြူဇရပ်နဲ့ ကျိုက်မရောမြို့နယ်တွေမှာ NLD ဆိုင်းဘုတ် ဖျက်ဆီးခံရတာတွေရှိနေပြီး မုဒုံမြို့နယ်မှာတော့ UBP ပါတီ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် ပျောက်ဆုံးမှုတွေ ဖြစ်ခဲ့တာပါ။

ရေးမြို့နယ်ထဲက အံဒင်၊ သောင်ပြင်၊ မော့ကနင်၊ ဟံဂံ စတဲ့ ကျေးရွာတွေမှာ စိုက်ထူထားတဲ့ NLD ကိုယ်စားလှယ် လောင်းတွေရဲ့ မဲဆွယ်ဗီနိုင်းဆိုင်းဘုတ်တချို့ ဖျက်ဆီးခံခဲ့ရတာတွေ ရှိခဲ့တယ်လို့ ရေးမြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်မိုးအေးက RFA ကို ပြောပါတယ်။

“အံဒင်မှာ အလံမီးရှို့တဲ့ဟာလေးတစ်ခုတော့ ကျွန်တော်တို့ တိုင်ကြားထားပါတယ်ခင်ဗျ၊ ကျန်တဲ့ကိစ္စတွေ ကိုတော့ ဘာတစ်ခုမှ ကျွန်တော်တို့ တိုင်ကြားထားတာမရှိသလို ဆက်ပြီးတိုင်ကြားဖို့လည်း အစီအစဉ် မရှိပါဘူး”

မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်က လက်ဖက်ရည်ဆိုင်တစ်ခုမှာ ချိတ်ဆွဲထားတဲ့ NLD အောင်နိုင်ရေး ဆိုင်းဘုတ်ကိုလည်း ရပ်ကွက်ဒေသခံ လူငယ်တစ်ဦးက စက်တင်ဘာ ၂၂ ရက်နေ့ညက ဆွဲဖြုတ်တာကို လုံခြုံရေး ရုပ်သံကင်မရာ မှတ်တမ်းမှာ တွေ့ခဲ့တယ်လို့ မော်လမြိုင်မြို့နယ် NLD ပါတီအောင်နိုင်ရေး အဖွဲ့ဝင် ဦးသိန်းဇော်က ပြောပါတယ်။

“အဲဒီရပ်ကွက်ထဲက ကလေးတစ်ယောက်က ဝန်ခံတယ်၊ သူတို့ကိုတော့ ပြောပြလိုက်တယ်၊ အခုလို လုပ်ရပ်တွေက ဥပဒေအရဆို အပြစ်များကြီးရှိတာကို ပြောပြပြီးတော့ ဒါမျိုးလုပ်ရပ်တွေ နောက်မလုပ်ဖို့ ရပ်ကွက်ရုံးမှာတော့ လက်မှတ်ထိုးထားတယ်၊ သူတို့ဘက်ကလည်း တောင်းပန်ပါတယ်”

ဒါ့အပြင် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာက NLD  ပါတီဝင်တစ်ဦးရဲ့ နေအိမ်အရှေ့မှာ စိုက်ထူထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ ရုပ်ပုံပါတဲ့ NLD ပါတီအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်လည်း စက်တင်ဘာ ၂၁ ရက်နေ့က ဖျက်ဆီးခံခဲ့ရပါတယ်။

မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာမှာလည်း UBP ရဲ့ ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ် စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ ပျောက်ဆုံးသွားတာရှိပါတယ်။

ကျိုက်မရောမြို့နယ်၊ ကော့သပ်ကျေးရွာမှာ စိုက်ထူထားတဲ့ NLD ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ် စက်တင်ဘာ ၁၁ ရက်နေ့ မွန်လွဲပိုင်းမှာ ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး  ဖျက်ဆီးသူလို့ ယူဆရတဲ့ အသက် ၂၈ အရွယ် ဒေသခံ အမျိုးသားတစ်ဦးကို ကျိုက်မရောမြို့နယ်ရဲစခန်းမှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ခံထားရပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့မှာတော့ ပေါင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မိကွန်ချမ်းရဲ့ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။