တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ NLD ပြောဆို

ကြားဖြတ်ရွေးကောက်ပွဲ မဲမသမာမှုတွေကို ဖော်ထုတ်ခဲ့တာဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာရေးအတွက်သာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

2012.05.09
u-nyan-win-press-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးဉာဏ်ဝင်းက သတင်းထောက်များအား ရှင်းလင်းနေစဉ်။
RFA

ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲအတွင်း ဆန္ဒမဲလက်မှတ်တွေမှာ ဖယောင်းသုတ်ထားတာတွေ တွေ့ရှိခဲ့တဲ့အတွက် NLD ပါတီက တိုင်ကြားခဲ့တဲ့အမှုနဲ့ ပတ်သက်လို့ ဖော်ထုတ်စစ်ဆေးအပြီး မှန်ကန်မှုမရှိဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို တုံ့ပြန်လိုက်တာပါ။

" စုံစမ်းတွေ့ရှိချက်အရ ဖယောင်း မသုတ်ထားသော်လည်းပဲ ဖယောင်းသုတ်ထားသကဲ့သို့ ပြောင်ချောနေလို့၊ ရေးခြစ်မရလို့၊ အတင်းခြစ်တဲ့ ပယ်မဲတွေ အများကြီး တွေ့ရတယ်။ အဲတာကြောင့် အဲဒီလို တွေ့တဲ့အတွက် အန်ကယ်လ်တို့ရဲ့ ကန့်ကွက်တင်ပြချက်က အဓိပ္ပာယ်ရှိတဲ့ တင်ပြချက်လို့ အန်ကယ်လ်တို့ ပြောချင်တယ်။ နောက်တခုက အန်ကယ်လ်တို့ တစုံတခု ဖော်ထုတ်တယ်၊ သတင်းထုတ်ပြန်တယ်၊ ရွေးကောက်ပွဲ ထိခိုက်စရာ ရှိတယ်ဆိုရင် ရွေးကောက်ပွဲ တရားမျှတမှု လိုလားတဲ့ လူတွေအားလုံး လုပ်ရမယ်တာဝန်ပဲ။ ဒါတွေဖော်ထုတ်ဖို့ အန်ကယ်လ်အဲတာ ပြောချင်တယ်"

ကြားဖြတ် ရွေးကောက်ပွဲကာလ မြို့နယ် ၁၀ မြို့နယ်မှာ ရေးခြစ်မရအောင် ဖယောင်းသုတ်ထားတဲ့ ဆန္ဒမဲလက်မှတ်တွေကို မဲရုံမှူးက ဝေပေးခဲ့တယ်ဆိုပြီး NLD ပါတီက တိုင်ကြားချက်ဟာ မဟုတ်မမှန်ကြောင်း၊ ဒီဖြစ်စဉ်အတွက် တရားဝင် တိုင်တန်းသူလည်း မရှိကြောင်း၊ ဒီတိုင်တန်းချက်ဟာ သတင်းအခြေအမြစ်မရှိတဲ့ တဆင့်ကြားစကား၊ ထင်မြင်ယူဆချက်တွေသာ ဖြစ်ကြောင်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ပေါ် ပြောင်းလဲမှုတွေကို နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ကာလအတွင်း အခုလို မမှန်မကန် စွပ်စွဲပြောဆိုမှုတွေဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အတွက် အရေးယူသင့်ကြောင်း သုံးသပ်တင်ပြမှုတွေ ထွက်ပေါ်လာကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲ တိုင်တန်းချက်အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် လေးဦးအပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်မှုတွေကိုလည်း NLD အနေနဲ့ တန်ပြန် တရားရင်ဆိုင်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-11 00:25

ကိုယ်အမှားသူအမှားလုပ်တဲ့ပါတီနိုင်ငံအုပ်ချုပ်ရင်ဒုဏ်ခပါဘဲနော်။