ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ အရေးယူပေးဖို့ NLD တောင်းဆို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေတဲ့ အကြောင်းအရာတွေ၊ အထက်မြန်မာနိုင်ငံနဲ့ ရန်ကုန်တဝိုက်မှာ ဖြန့်ဝေနေတာကို တာဝန်ရှိသူတွေက ဟန့်တားအရေးယူခြင်း မရှိတာဟာ ဒီလုပ်ရပ်ကို အားပေးရာ ရောက်နေတယ်လို့ NLD က ဒီကနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

2012.03.23
nld-u-nyan-win-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များအား ရှင်းလင်းနေစဉ်။
Photo courtesy of NLD

ဒီကိစ္စနဲ့ ပတ်သက်လို့ NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းက RFA ကို အခုလို ပြောပါတယ်။

"အဓိက ကတော့ ဒီကာလမှာ ဒါတွေ ဖြစ်နေတယ်ဆိုတာ ပြည်သူတွေကို အသိပေးတဲ့ သဘောပါ။ အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တာပေါ့။ တရားဥပဒေစိုးမိုးရေးပေါ့။ တရားဥပဒေ ကိုင်တွယ်တဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ အများကြီးတာဝန်ရှိတာပေါ့။ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရ အနေနဲ့တောင်မှ ဒါမျိုုး မသင့်တော်ဘူး ဆိုတာမျိုုး ဟန့်တားတာတောင်မှ မကြားရတဲ့ အခြေအနေဖြစ်နေပါတယ်"

ဒါ့အပြင် ရေဦးမြို့နယ်၊ ချောင်းဆုံကျေးရွာ ကော်မရှင်ဥက္ကဌက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်နေတာ၊ ပုသိမ်မြို့နယ်မှာ သမဝါယမ ဒုတိဝန်ကြီးက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် စည်းရုံးရေးဆင်းနေတာ၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကျွန်းလှနယ်တွေအတွက် NLD ကိုယ်စားလှယ်လောင်း စည်းရုံးရေးဟောပြောပွဲ ကျင်းပနေတုန်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးက အဲဒီပွဲ အနားက ကောက်ရိုးပုံမီးရှို့ပြီး၊ ပွဲလန့်အောင် ဆောင်ရွက်တာတွေ ရှိနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ကောလိပ်မှာ သင်တန်းတက်မယ့် ဆရာ၊ ဆရာမတွေကို ကြိုတင်မဲ ကောက်ယူခဲ့တဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ထားဝယ်ခရိုင် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီက ကော်မရှင်ကို ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။

မတ်လ ၃၀ နဲ့ ၃၁ ရက်နေ့မှာမှ ကြိုတင်မဲ ပေးရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် အခုရက်ပိုင်း ကောက်ယူမှုဟာ ဥပဒေနဲ့ မညီညွတ်တဲ့အတွက် ကော်မရှင်အနေနဲ့ ပြန်လည်စစ်ဆေးပေးဖို့ တင်ပြလိုက်တာပါ။ ဒီကိစ္စကို ဆောင်ရွက်ပေးမယ်လို့ ကော်မရှင်က ပြောဆိုကြောင်း၊ လောင်းလုံမြို့နယ်ကနေ ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဦးအောင်စိုးက RFA ကိုပြောပါတယ်။

အလားတူ မဲစာရင်း အမှားအယွင်း ဖြစ်နေတာကိုလည်း၊ NLD ထားဝယ်ခရိုင်၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က တင်ပြခဲ့တဲ့အတွက် ကော်မရှင်က ပြန်လည် စိစစ်ပေးတဲ့အခါ လူပေါင်း ၅၀၀၀ ကျော် မဲပေးခွင့် ရသွားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။