ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD လက်မှတ်စုဆောင်းမည်


2014.05.08
dassk-88-305.jpg ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဗဟို အလုပ်မှုဆောင်တွေနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ က တွေ့ဆုံကြစဉ်
photo: 88 Facebook

လာမယ့် မေလ ၁၇ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲမှာ တက်ရောက်လာ သူတွေရဲ့ ဆန္ဒသဘောထားလက်မှတ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တွေ က ကောက်ခံသွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ တောင်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပတဲ့ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ၄၃ မြို့နယ်က အန်အယ်လ်ဒီ လူငယ်ကိုယ်စားလှယ်တွေက ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ရန်ကုန်တိုင်း လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ကိုအေးနိုင်က အခုလိုပြောပါတယ်။

"ဒီ ၁၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းတို့ ပူးပေါင်းဆောင်ရွက်မယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွေမှာ ဝိုင်းဝန်းဆောင်ရွက်မှာပေါ့၊ ဖွဲ့စည်းပုံ ပြင် ဆင်ရေးဟောပြောပွဲမှာ လူအင်အား လုံခြုံရေးတာဝန်ယူမယ်၊ ကျန်တဲ့လူငယ်တွေအားလုံးက အဲမှာတက်ရောက်မယ်၊ လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က အဆင့်ဆင့်တာဝန်ပေးအပ်မှုအတိုင်း ပြည်သူလူထုကို ဆွေးနွေးပြီးတော့ ဒီလက်မှတ်တွေ ရအောင် ကောက်ယူမှာပါ"

မေလ ၁၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ကို ဘာကြောင့် ပြင်ဆင်ဖို့လိုအပ်ကြောင်း ဟောပြောမှာဖြစ်ပါတယ်။

အဲဒီဟောပြောပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ မနက် ၉ နာရီကနေ ၁၀ နာရီခွဲထိ တစ်နာရီခွဲကြာ ကျင်းပမှာဖြစ်ပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း မေလ ၁၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။