NLD ပါတီ လူငယ်ဖွံ့ဖြိုးရေးသင်တန်း ပို့ချ
2012.09.26
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော လူငယ်ဖွံ့ဖြိုးရေးသင်တန်း၌ NLD ပါတီနာယက ဦးတင်ဦးအမှာစကား ပြောကြားနေစဉ်။
အခုလို သင်တန်း ပို့ချရတာဟာ ပြည်နယ်၊ တိုင်း၊ မြို့နယ်အဆင့်လိုက် NLD ခေါင်းဆောင်တွေကို အဆိုပါ လူငယ်တွေက အထောက်အကူ ပြုနိုင်ဖို့နဲ့ နောင်မှာ ၎င်းတို့ကိုယ်တိုင် လူထုကြား ဦးဆောင် ကူညီသွားနိုင်ဖို့ ဖြစ်တယ်လို့ NLD ပါတီ နာယက ဦးတင်ဦးက RFA ကို ပြောပါတယ်။
"အထူးသဖြင့်ကတော့ဗျာ။ ပြည်နယ်နဲ့ ဝေးလံတဲ့ဒေသက လူငယ်တွေကို ကျွန်တော်တို့ ဦးစားပေးတာပေါ့။ သင်တန်းဘာသာရပ် တွေကတော့ မြင့်ပါတယ်ဗျ။ ဒီမိုကရေစီရဲ့သဘောထားတွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်တဲ့ အကြာင်းအရာတို့ ဒေသဆိုင်ရာ ကိုယ်စားပြု ကိုယ်စားလှယ်တွေအနေနဲ့ နောင်ကို အဖွဲ့ချုပ်အတွက် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်တွေရဲ့ နေရာတွေမှာ ကိုယ်စားပြုအနေနဲ့ အစစအရာရာပေါ့ဗျာ၊ ပြည်သူလူထု အားကိုးရအောင် ဆောင်ရွက်နိုင်စွမ်းရှိပြီး ထူးချွန်ပြီး ထက်မြက်လာအောင် လုပ်တာပေါ့"
NLD ရုံးချုပ်မှာ ဒီကနေ့ ပို့ချတဲ့သင်တန်းကို တိုင်းနဲ့ ပြည်နယ် အသီးသီးက NLD လူငယ် (၅၀) ကျော် တက်ရောက်ပါတယ်။ အခုလို အလားတူသင်တန်းမျိုးကို လွန်ခဲ့တဲ့လပိုင်းတွေက ပထမအကြိမ်အဖြစ် ပို့ချခဲ့တာဖြစ်ပြီး သင်တန်းကာလ (၂) ပတ်ကျော် (၃) ပတ်နီးပါး ကြာမြင့်ခဲ့ပါတယ်။









